လားရှိုး ၊ စက်တင်ဘာ ၂၀

ကိုးကန့်အဖွဲ့ MNDAA အနေနဲ့ NUG နဲ့ စစ်ရေးနိုင်ငံ‌ရေးအရ ပူး‌ပေါင်းမှာမဟုတ်ဘဲ ချက်ချင်းအပစ်ခတ်ရပ်စဲပြီး နိုင်ငံရေးလမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်ဆိုတဲ့ ရပ်တည်ချက်ဟာ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်လို့ နိုင်ငံ‌ရေးအကဲခတ်တွေက ပြောပါတယ်။

တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA က လတ်တလော နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာ သဘောထားထုတ်ပြန်လာတာပါ။

စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲပါ သဘောထားထုတ်ပြန်ချက်အရ တရုတ်နိုင်ငံအနေနဲ့ လက်ရှိ တစ် နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြားဝင်စေ့စပ်ပေးဖို့ အထူးမေတ္တာ ရပ်ခံခဲ့ပါတယ်။

မိမိတို့အနေနဲ့လည်း ချက်ချင်းအပစ်ခတ်ရပ်စဲပြီး တရုတ်နိုင်ငံနဲ့ တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ အဖြေရှာဖြေရှင်းသွားပါမယ်လို့ MNDAA က ထုတ်ပြောလာတာပါ။

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော်က တရုတ်ကလည်း နိုင်ငံရေးအရ အားလုံးစေ့စပ်ဆွေးနွေးကြဖို့နဲ့ အပစ်ခတ်ရပ်စဲဖို့ တွန်းတင်နေတာဖြစ်တဲ့အတွက် အဲဒီဖိအားကို MNDAA က လိုက်လျောတာလို့ သုံးသပ်ပါတယ်။

“တရုတ်ရဲ့ ပေါ်လစီကလည်း အားလုံးစေ့စပ်ဆွေးနွေးရေးစားပွဲ နိုင်ငံရေးအရ ဆွေးနွေးကြဖို့ အပစ်ခတ်ရပ်စဲဖို့ကိုပဲ တင်နေတာဖြစ်တော့ ကိုးကန့်ကလည်း ကဲ ကျွန်တော်တို့တော့ (အပစ်ခတ်) ရပ်ပြပါပြီဆိုပြီး ရပ်ပြလိုက်တာပဲ။ အခုဟာကတော့ သဘောက စစ်ကောင်စီဘက် ရောက်သွားတာပေါ့ဗျာ။ သူတို့က တရုတ်ရဲ့ဖိအားကို လိုက်လျောတဲ့အနေနဲ့ ကဲ ကျွန်တော်တို့ အပစ်ခတ်ရပ်ပါမယ်။ ကျွန်တော်တို့ ရောက်တဲ့နေရာမှာပဲ ယူပါ့မယ်ဆိုပြီး စစ်ကောင်စီကို နိုင်ငံရေးဆွေးနွေးပွဲရအောင် သူက အပစ်ခတ်ရပ်အောင် တွန်းအားပေးလိုက်သလို ဖြစ်တယ်ထင်တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက မြောက်ပိုင်း EAOs တွေဖြစ်တဲ့ KIA ၊ MNDAA ၊ TNLA တို့နဲ့ တွေ့ဆုံဆွေး နွေးမှုရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

MNDAA အနေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိ‌ရေးဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်ကို လုံးဝ ပြောင်းလဲမှာ မဟုတ်သလို ခွဲထွက်တာ၊နိုင်ငံ့အာဏာကို လုယူတာ၊လွတ်လပ်ရေးရယူပြီး နိုင်ငံအ သစ်ထူထောင်တာတွေ လုံးဝပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ် ဒါမှမဟုတ် မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းတွေနဲ့ မပူးပေါင်းတာ မဆက်ဆံတာ မဟာမိတ်မဖွဲ့တာဟာ MNDAA ရဲ့ နိုင်ငံရေး Redline ဖြစ်တယ်လို့ ရပ်တည်ချက်သ ဘောထားကို အသိပေးလာတာပါ။

NUG နဲ့ စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းတာ စစ်မြေပြင်ချဲ့ထွင်တာ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပြုလုပ်မှာမဟုတ်ပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ MNDAA က NUG နဲ့ ပူးပေါင်းမှာမဟုတ်ဘူးဆိုတဲ့အချက်အပေါ် NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူထံ မေးမြန်းရာမှာ လောလောဆယ် ဘာမှတ်ချက်မှ ပေးစရာမရှိသေးဘူးလို့ အကြောင်းပြန်ပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ တရုတ်ရဲ့ ထောက်ခံမှုမပါဘဲ အောင်မြင်မှုတွေက ရေရှည်တောင့်ခံနိုင်မှာ မဟုတ်သလို အခြားပြဿနာတွေနဲ့ ဖိအားပေးမှုတွေကြောင့် တရုတ်မကြိုက်တဲ့ NUG နဲ့ မဆွေးနွေးဖို့ ဖြစ်လာတာလို့ သုံးသပ်ပါတယ်

“သူတို့ တရုတ်ရဲ့ ထောက်ခံမှုမပါဘူးဆိုရင် သူတို့ရဲ့ အောင်မြင်မှုတွေက ရေရှည်မှာ ထောင့်ခံနိုင်မှာ မဟုတ်ဘူး။ တခြားကိစ္စတွေလည်း ရှိသေးတာပေါ့၊ နယ်စပ်ပြဿနာတွေ ပြီးတော့ စီးပွားရေးပြ ဿနာတွေ အဲဒါကြောင့် သူတို့လည်း အဲဒီလို ဖိအားပေးတာကတစ်ကြောင်း၊ တရုတ်နဲ့ ဆက်ဆံရေးကို မပြတ်စေချင်တာက တစ်ကြောင်း။ အဲဒီလို အခက်အခဲကြောင့် ဒီလိုထုတ်ပြန်ချက်တွေ ပါလာတာလို့ ထင်ပါတယ်။ တရုတ်ကတော့ NUG ကို မကြိုက်ဘူးပေါ့။ အမေရိကန်အဖွဲ့အစည်းနဲ့ ပိုနီးစပ်တယ်ဆိုပြီးတော့ အဲဒါကြောင့် NUG နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးဆိုတဲ့ ကိစ္စကလည်း ပါလာတယ်ပေါ့”လို့ ဆိုပါတယ်။

MNDAA အနေနဲ့ တအာင်းအဖွဲ့ TNLA ၊ အာက္ခတပ်တော် AA တို့နဲ့အတူ ညီနောင်မဟာမိတ်သုံးဖွဲ့အဖြစ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီကို စစ်ကြေညာခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးကြောင့် နွေဦးတော်လှန်ရေးအရှိန်အဟုန်နဲ့အတူ မြန်မာစစ်တပ်သမိုင်းတစ်လျှောက် မကြုံဖူးတဲ့ စစ်ရေးဆိုင်ရာ ရှုံးနိမ့်မှုတွေများစွာ ရင်ဆိုင်ခဲ့ရပြီး အဆိုးအဝါးအဆုံးအခြေအနေတစ်ခုအထိ ရောက်ရှိခဲ့တာပါ။

ဒီအခြေအနေတွေကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ MNDAA၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စက်တင်ဘာလဆန်းမှာ ကြေညာခဲ့ပါတယ်။

စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ မိမိတို့ ဒေသကို ထိန်းချုပ်နိုင်ရေး၊ မြန်မာလူထုတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ကျားဖြန့်လိမ်လည်မှုတိုက်ဖျက်ရေး၊ စစ်ကောင်စီနဲ့ ပြည်သူ့ စစ်တွေကို နှိမ်နင်းရေးဆိုပြီး ကြေညာထားတာပါ။

ဦးဖေသန်းကတော့ MNDAA အနေနဲ့ အခုလုပ်ဆောင်မယ့် ကိစ္စနဲ့ ကြေညာထားတဲ့ ကိစ္စဟာ သဟ ဇာတဖြစ်အောင်လုပ်ဖို့လိုပြီး စစ်အာဏာရှင်စနစ်ပြုတ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လုပ်ငန်းစဉ်တစ်ရပ် ပါသင့်တယ်လို့ ထောက်ပြပါတယ်။

MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် တပ်စခန်းပေါင်းများစွာ သိမ်းယူ နိုင်ခဲ့ပြီး ၁၀ မြို့ထက်မနည်း ထိန်းချုပ်နိုင်ခဲ့သလို နယ်စပ်ဂိတ်တွေဖြစ်တဲ့ ရန်လုံကျိုင်း၊ ချင်းရွှေဟော်၊ မုံးကိုး ၊ကြူကုတ်တို့ကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.