ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ အနန်းကွင်းစစ်ဗျူဟာ၊ အာရှလမ်းမကြီးနဲ့ လေးကေကော်မြို့သစ်အနီး စွယ်တော်ကုန်းတို့မှာ KNLA PDF တော်လှန်ရေးအင်အား စုနဲ့ စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ရက်ဆက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်က လွတ်ရှမ်းတပ်စခန်းကို စက်တင်ဘာ ၁၂ ရက်နေ့မှာ KNLA PDF တော်လှန်ရေးအင်အားစုအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် လွတ်ရှမ်းအနီးရှိ အနန်းကွင်းဗျူဟာစခန်းကို ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အနန်းကွင်းကျေးရွာအနီးက ဖားပြကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် တပ်မဟာ ၆ နယ်မြေ နယ်စပ်အနီးရှိ လေးကေကော်မြို့သစ် စွယ်တော်ကုန်းဘက်မှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ခိုက်မှု နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းဘက်မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဘားအံ ကျုံဒိုးနယ်ကနေတစ်ဆင့် ကော့ကရိတ်မြို့နယ်ဘက်ကို အခုစက်တင်ဘာလအစောပိုင်းက တပ်ကူအင်အားအများအပြား ထပ်မံပို့ဆောင်နေတာတွေရှိ နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စွယ်တော်ဗျူဟာကုန်းနဲ့ အနန်းကွင်းစစ်ဗျူဟာမကျရေးအတွက် လေကြောင်းကိုသာ အဓိကအားထားနေရပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ ဒေသခံပြည်သူတွေအကြား အချင်းချင်းသတိပေးတာ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.