ဘေရွတ်၊ စက်တင်ဘာ ၁၉

လက်ဘနွန်နိုင်ငံမှာ ကြိုးမဲ့ ဆက်သွယ်ရေးစက်တွေ ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် လူ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ရဲ့ အမာခံနယ်မြေတွေလို့ ရှုမြင်ခံထားရတဲ့ လက်ဘနွန်တောင်ပိုင်း၊ ဘီကာဗယ်လီဒေသ၊ မြို့တော် ဘေရွတ်မြို့ တောင်ဖက် ဆင်ခြေဖုံးဒေသတွေမှာ သူတို့ အဖွဲ့ အသုံးပြုနေတဲ့ လမ်းလျှောက် စကားပြောစက်တွေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်တွေ အသုံးပြုနေတဲ့ ပေဂျာ ဆက်သွယ်ရေး ကိရိယာတွေ စက်တင်ဘာ ၁၇ ရက်က ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူ ၁၂ ဦးထဲက တချို့ရဲ့ အသုဘအခမ်းအနားမှာ စကားပြောစက်တွေ ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွက် ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးကို အပြစ်တင်ထားပေမယ့် အစ္စရေးက မှတ်ချက် တစ်စုံတရာ မပေးသေးပါဘူး။

အစ္စရေးစစ်တပ် တပ်ခွဲတစ်ခုကို မြောက်ပိုင်းသို့ ပြန်လည် ချထားလိုက်ပြီး စစ်ပွဲအတွင်း အဆင့်သစ် တစ်ခု စတင်မှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂေါလန့်က ကြေညာချိန်မှာ အခုလိုမျိုး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တင်းမာမှု အရှိန် သိသိသာသာ မြင့်တက်လာနိုင်တဲ့ အန္တရာယ် ရှိနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ အဆုံးစွန် ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တိုက်တွန်းထားပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ ဟားမာ့စ်တို့ရဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ၁၁ လကြာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကြောင့် အင်အားကုန် ထုတ်သုံးပြီး တိုက်ခိုက်တဲ့ စစ်ပွဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ အရင်ကတည်းက ထွက်ပေါ်နေပြီး ဖြစ်ပါတယ်။

ဟားမာ့စ်ကို ကူညီပေးနေတဲ့ အီရန်ရဲ့ မဟာမိတ် ဟစ်ဇဘိုလာ အဖွဲ့က ဂါဇာမှာ တိုက်ခိုက်မှုတွေ ရပ်တန့်သွားမှပဲ သူတို့ရဲ့ နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှုတွေကို ရပ်တန့်သွားမယ်လို့ ပြောဆိုထားပါတယ်။

ပေဂျာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက် လမ်းလျှောက် စကားပြောစက်တွေ ထပ်မံ ပေါက်ကွဲမှုတွေဟာ ဟစ်ဇဘိုလာ အဖွဲ့အတွက် နောက်ထပ် အရှက်ရစရာ ဖြစ်ရပ်ဖြစ်ပြီး သူတို့ရဲ့ ဆက်သွယ်ရေး စနစ်တွေ အားလုံးကို အစ္စရေးက ထိုးဖောက်ဝင်ရောက်ထားပြီးသား ဖြစ်ပုံရပါတယ်။

ဟစ်ဇဘိုလာအဖွဲ့ဟာ ပေဂျာတွေ ဝယ်ယူပြီးနောက် မကြာခင် ပြီးခဲ့တဲ့ ငါးလလောက်က စကားပြောစက်တွေ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၆၀ ရာခိုင်နှုန်းလောက်ဟာ မျက်လုံးတစ်ဖက် ဆုံးရှုံး လိုက်ရပြီး အများစုဟာ လက်တစ်ဖက် ပြတ်လုနီးပါး ဖြစ်သွားခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

စကားပြောစက်တွေ ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီက ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.