သံဖြူဇရပ်၊ စက်တင်ဘာ ၂၀

မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ အသင်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီ ပူး ပေါင်းတပ်ဖွဲ့ဝင်တွေဟာ သူတို့ငါးဦးကို ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းရုံးမှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ကိုရဲနိုင်ဦး၊ ကိုဇော်ဝမ်းအပါအဝင် နောက်ထပ်အသင်းသားနှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီ လူမှုကူညီရေးအသင်းဝင် ငါးဦးကို စစ်ကောင်စီတပ်က ဘာကြောင့်လာရောက်ဖမ်းဆီးသွားလဲဆိုတာ မသိရသေးတဲ့အတွက် ဆက်လက်စုံစမ်းနေတယ်လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

လက်ရှိမှာတော့ သူတို့ငါးဦးကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မ တော်တန်းမြင့် သင်တန်းကျောင်း စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မိသားစုနဲ့အဆက်အသွယ်မရဘူးလို့ သိရပါတယ်။

အခုလို အကြောင်းပြချက် သေချာမသိရဘဲ ဖမ်းဆီးခံလိုက်ရပြီးနောက် လက်ရှိအချိန်အထိ ပြန်မလွတ်လာသေးတဲ့အတွက် မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဟာ ၂၀၁၈ ခုနှစ်က မွန်ပြည်နယ်အစိုးရဆီမှာ အသင်းအဖွဲ့မှတ်ပုံ တင်ထားပြီး ဒေသတွင်း ထိခိုက်လူနာတွေနဲ့အရေးပေါ်လူနာတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့လည်း ရေးမြို့နယ် လမိုင်းအခြေစိုက် လမိုင်းလူငယ်ပရဟိအဖွဲ့ အသင်းဥက္ကဌအပါအဝင် အသင်းဝင်ငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် တစ်ပတ်အကြာမှ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း လူမှုကူညီရေးအသင်းဝင် မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးခံနေရပြီး အဲဒီထဲမှာ သံဖြူဇရပ်နဲ့မုဒုံမြို့နယ်က လူမှုကယ်ရေးအသင်းဝင်နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းFB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.