သီပေါ၊ စက်တင်ဘာ ၁၉

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါ တယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ တည်ရှိရာ သီပေါမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အုတ်ကျင်းရပ်ကွက် ဘုရားကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းဝင်အတွင်းနေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ် ဒေါ်ငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကားတစ်စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ထပ်မံ လာရောက်ဗုံးကြဲမှုကြောင့် ပန်တိမ်တောင်ရပ်ကွက်ရှိ ဝက်ဝံဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဈေးရောင်းနေတဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး လည်ပင်းထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် အဲဒီနေ့ ည ၇ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီဟာ ဂျက်ဖိုက်တာ Y-12 တိုက်လေယာဉ်တွေဖြင့် ဗုံး အလုံး ၆၀ နီးပါး လာရောက်ကြဲချခဲ့ပြီး ဗုံးအများစုဟာ မြို့တွင်းရှိ လူနေရပ်ကွက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

TNLA ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ သီပေါမြို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေ ကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကို မကြာခဏခံနေရတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေအပြင် ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း သီပေါမြို့မှာ စစ်ကောင်စီမှ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.