ပုလော၊ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ စိတ်မနှံ့တဲ့ ဒေသခံအမျိုးသားတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် ကျေးရွာအတွင်းရှိ နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၂၀၀ ဝန်းကျင်နဲ့ ရှပ်ပုံကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၈ ရက်နေ့နဲ့ ဒီနေ့ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ ကျေးရွာအတွင်းက နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ရှပ်ပုံကျေးရွာ စံပြရပ်ကွက်က နေအိမ်တွေကို မနေ့ ညနေပိုင်းမှာ မီးစတင်ရှို့ခဲ့တာဖြစ်ပြီး ဒီနေ့ မနက်အစောပိုင်းမှာတော့ မီးလောင်အော်ရပ် ကွက်က နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာပါ။
စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ကို တိတိကျကျ မသိရသေးပေမယ့် မီးလောင်အော်ရပ်ကွက်တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်တဲ့ထဲမှာ သက်ကြီးရွယ်အို အဖွားအိုတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်ဟာ စိတ်မနှံ့တဲ့ရောဂါ ခံစားနေရတဲ့ အသက် ၂၀ ကျော်အရွယ် မောင်သူရကို မနေ့ညနေပိုင်းမှာပဲ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် ထမင်းစွယ်ကျော့ဘုန်းကြီး ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ၅၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ထပ်နောက် ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီမတိုင်ခင် စစ်ကောင်စီတပ်ဟာ ငါးမိုင်ကျေးရွာ၊ သစ်တောလှနဲ့ ဖော့ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် ဖော့ကျေးရွာက ဒေသခံ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အမျိုးသမီးတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသားတွေကိုတော့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရှပ်ပုံကျေးရွာက မီးမလောင်တဲ့ နေအိမ်တွေရှိ တန်းဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေကို မတရားသိမ်းယူတာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှပ်ပုံကျေးရွာဟာ အိမ်ခြေ ၂၅၀၀ ကျော်ရှိတဲ့ ပုလောမြို့နယ်က ရွာကြီးတစ်ရွာဖြစ်တဲ့အပြင် လက်ရှိမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေ သခံတွေဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ရှပ်ပုံကျေးရွာထဲက ထွက်ခွာသွားပြီးလို့ သိရပေမယ့် ဘယ်နေရာရောက်ပြီး ဘယ်မှာစစ်ကြောင်းထိုးနေလဲ ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ပုလောမြို့နယ် ငါးမိုင်ကျေးရွာက နေအိမ်ကိုးလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံ အမျိုးသား ၁၀ ဦးကျော်ကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ