ဘန်ကောက်၊ စက်တင်ဘာ ၁၉

အိမ်နီးချင်း အင်အားကြီး တရုတ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ခြိမ်းခြောက်နေတာတွေ အားလုံး ချက်ချင်း ရပ်တန့်ဖို့ မြန်မာလူ့အခွင့်အရေးအဖွဲ့ ၃၀၀ နီးပါးက တောင်းဆိုလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးနေတာတွေ ချက်ချင်း ရပ်တန့်ရေး၊ စစ်ကောင်စီအပေါ် လိုက်လျော ခွင့်ပြုမှုတွေ လုပ်ဆောင်လာအောင် ဖိအားပေးနေတာတွေ ရပ်တန့်ရေး မြန်မာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ပြည်ပသို့ တိမ်းရှောင်သွားခဲ့ရတဲ့ တက်ကြွ လှုပ်ရှားသူများရဲ့ အဖွဲ့အစည်းတွေက စစ်တပ်ဟာ ကြီးမားတဲ့ အတိုင်းအတာနဲ့ ရက်စက်မှုတွေ ကျူးလွန်ဖို့ ကြိုတင် ပြင်ဆင်နေပြီး နိုင်ငံမတည်ငြိမ်မှုနဲ့ ဒေသဆိုင်ရာ မလုံခြုံမှု ဖြစ်စေတဲ့ အဓိက တရားခံဟာ စစ်တပ် ဖြစ်တယ်လို့ ပြောဆိုထား ပါတယ်။

စစ်ကောင်စီကို ဖယ်ရှားပြီး သူတို့ ကျူးလွန်ထားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တာဝန်ခံခိုင်းနိုင်မှပဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကိုယ်စားပြု အဖွဲ့ပေါင်း ၂၇၀ ကျော်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကို တရုတ်ရဲ့ ကူညီ ထောက်ပံ့မှုနဲ့ စစ်ကောင်စီရဲ့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတို့က မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို အားလျော့ သွားစေတယ်လို့လည်း အခုထုတ်ပြန်ချက်မှာပါတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာ့တော်လှန်ရေးမှာ ရှေ့ဆုံးက ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်သလို သူတို့ရဲ့ ဒေသမှာ အာဏာပိုင် အဖွဲ့အစည်းတွေဖြစ်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ စနစ်အတွက် အဓိကကျတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ တရားမဝင်တဲ့ အဖွဲ့အစည်း ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြဿနာတွေ ဖြစ်စေတဲ့ အဓိကအရင်းအမြစ် ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ တရုတ်က ဖိအားပေးခဲ့ပြီးနောက် တအောင်း လက်နက်ကိုင်အဖွဲ့ က NUG အစိုးရနဲ့ ပူးပေါင်းမှာ မဟုတ်သလို နောက်ထပ် တိုက်ပွဲတွေ ဖော်ဆောင်တော့မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ဒီလို တရုတ်ကို တောင်းဆိုတဲ့ အဖွဲ့တွေထဲမှာ အရပ်ဖက် အဖွဲ့အစည်းတွေ၊ တော်လှန်ရေး တပ်ဖွဲ့တွေ၊ ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား အဖွဲ့တွေ ပါဝင်တယ်လို့ သိရပါတယ်။

မိမိတို့အနေနဲ့ တရုတ်ကို အမုန်းထားနေတာ မဟုတ်ပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်နေတာဟာ လက်မခံ နိုင်စရာကိစ္စဖြစ်တယ်လို့ အဲဒီ အဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်က သူတို့ အနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ နိုင်ငံခြားအင်အားစုတွေ ကြားဝင်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်ခဲ့ပေမယ့် သူတို့ကိုယ်တိုင် ဝင်ရောက် ခြယ်လှယ်နေတာ ဖြစ်ပါတယ်။

Ref:ANI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.