သထုံ ၊ စက်တင်ဘာ ၁၂

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေနဲ့ စစ်တောင်းမြစ်ရေ မြင့်တက်လာတဲ့အတွက် မွန်ပြည်နယ် သထုံခရိုင်မှာ ရေဘေးသင့်သူ ထောင်နဲ့ချီ ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။

ဘီးလင်းရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၅၀၀ ကျော် လာရောက်ခိုလှုံနေသလို ကျေးရွာပေါင်း ၂၀ နီးပါး ရေကြီးနစ်မြှုပ်နေပါတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ စစ်တောင်းမြစ်ရေ မြင့်တက်လာတဲ့အတွက် အနိမ့်ရပ်ကွက်တွေမှာ ရေ ကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရေဘေးသင့်ပြည်သူ ၃၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့ထားရသလို ကျေးရွာ ၁၀ ရွာထက်မနည်း ရေဘေးကြုံနေရပါတယ်။

အလားတူ သထုံမြို့နယ်မှာလည်း ဒုံးဝန်း၊ ကမာစိုင်ကျေးရွာအပါအဝင် ကျေးရွာခုနှစ်ရွာထက်မနည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရွာလမ်းတွေမှာ ရေသုံးပေကျော် မြင့်တက်နေတာပါ။

မိုးဇလရဲ့ ဒီနေ့ မနက် ၆ နာရီခွဲ ထုတ်ပြန်ချက်အရ ဘီးလင်းမြစ်ရေဟာ ၁၀၁၂ စင်တီမီတာကို ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၀၂၂ မီတာကိုရောက်ဖို့ ၁၀ စင်တီမီတာဘဲလိုတော့ပြီး စက် တင်ဘာ ၁၃ ရက်နေ့မှာ စိုးရိမ်ရေမှတ်ထက်ကို ရောက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.