နေပြည်တော် ၊ စက်တင်ဘာ ၁၃

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းတဲ့ IIMM ရဲ့ ၆ ကြိမ်မြောက် နှစ်စဉ်အစီရင်ခံစာအပါအဝင် အစီရင်ခံစာအားလုံးကို ပြင်းထန်စွာကန့်ကွက်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက စက်တင်ဘာ ၁၀ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ရဲ့အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

IIMM ရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ် မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပိုမိုပြင်းထန်စွာ ကျူးလွန်နေတဲ့ အ ထောက်အထား အများအပြားရှိတယ်လို့ ဩဂုတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဒီအပေါ် စစ်ကောင်စီက မြန်မာနိုင်ငံရဲ့ အခြေအနေကို လွဲမှားစွာ ပုံဖော်တာဟာ အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အပြင် အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေကို ပိုမိုဖြစ်ပေါ်စေပြီး အစိုးရရဲ့ နိုင်ငံတည်ငြိမ်ရေး ထိန်းသိမ်းဖို့ ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က IIMM ရဲ့ အစီရင်ခံစာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ငန်းတွေကို ထင်ရှား‌ပေါ်လွင်ပြီး အထောက်အထားပြည့်စုံတဲ့အတွက် နိုင်ငံတကာက အာရုံစိုက်လာမှာကို စိုးရိမ်တာကြောင့် ပယ်ချဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။

“သူတို့ (IIMM) အစီရင်ခံစာတွေက မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်လုပ်ငန်းတွေကို သိပ်သိသာထင် ရှားပေါ် လွင်ပြီး အထောက်အထားတွေ ပြည့်စုံတဲ့အတွက် နိုင်ငံတကာက အာရုံစိုက်လာမှာ စိုးရိမ်တဲ့အတွက် အဲဒီအစီရင်ခံစာကို ပယ်ချဖို့ ကြိုးစားနေတာပါ။ဒါပေမယ့် အဲဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီအစီရင်ခံစာတွေက ကုလသမဂ္ဂကိုရောက်မယ်။ အဲဒီကနေပြီးတော့ လိုအပ်တဲ့အရေးယူမှုတွေ လုပ်သွားပါလိမ့်မယ်။ သူ့ အတွက် (စကစ) အရှိုက်ထိုးခံရတဲ့ အစီရင်ခံစာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်ကနေ ပြင်းပြင်းထန်ထန် ရှုတ်ချနေတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကို စတင်တည် ထောင်တဲ့ ၂၀၁၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြု လက်ခံခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် IIMM ရဲ့ လုပ်ပိုင်ခွင့်ကို ဖန်တီးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၃၉/၂ ကလည်း တူညီဆန္ဒနဲ့ အတည်ပြုချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အဆိုတစ်ခု မဟုတ်ဘူးလို့ စစ်ကောင် စီရဲ့ ကန့်ကွက်တဲ့ သဘောထားမှာ ဖော်ပြပါတယ်။

ဆုံးဖြတ်ချက်အမှတ် ၃၉/၂ ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာ ဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးပြုန်းစေမှုတွေကို စုံစမ်းစစ် ဆေးပြီး ကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့ အမှုတွဲတွေ ပြင်ဆင်ပေးဖို့ IIMM ကို တည်ထောင်ခဲ့တာပါ။

လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့ IIMM ရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေဟာ မျက်မြင် သက်သေတွေရဲ့ ထွက်ဆိုချက် ၄၀၀ ကျော် အပါအဝင် သတင်းရင်းမြစ် ၉၀၀ ကျော်ထံက စုဆောင်းရရှိတဲ့ အချက်အလက်နဲ့ အထောက်အထားတွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သူတို့ဒေသမှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးကျူးလွန်နေတဲ့အတွက် IIMM အစီရင်ခံစာအပေါ် အသည်းအသန် ငြင်းနေတာလို့ ပြောပါ တယ်။

“ကျွန်တော်တို့ ဒေသမှာဆိုရင်လည်း လေယာဉ်နဲ့ ဗုံးကြဲတာက တကယ့်ကို ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဖြစ်တာပေါ့။ နောက်လူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ တွေ့နေရတယ်။ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာတွေပေါ့။ ဒီဟာတွေက တကယ့်လက်တွေ့ စစ်ရာဇဝတ်မှုရော တချို့သော နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်တဲ့ ဂျီနီဗာကွန်ဗင်းရှင်းနဲ့လည်း အများကြီး ညိနေတာရှိတယ်။ အဲဒီအတွက်ကြောင့် သူတို့အသည်းအသန် ငြင်းနေတာလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။

IIMM ရဲ့ အစီရင်ခံစာဟာ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်နေတဲ့ ၂၀၂၃ ခုနှစ် ဇူ လိုင် ၁ ရက် နေ့ကနေ အခုနှစ် ဇွန်လကုန်အထိ စစ်ကောင်စီဘက်က ကျူးလွန်ခဲ့တဲ့ အခြေအနေတွေကို စုဆောင်းထားတာပါ။

အဲဒီထဲမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေအပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ၊ ကလေးသူငယ်တွေအပေါ် စော်ကားမှုတွေဟာ စစ်ကောင်စီလက်ထက်မှာ ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးရုံတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လူမဆန်တဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ မတရားဖမ်းဆီး အကျဉ်းချတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီကို တိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အ ထောက်အထားများစွာ ရရှိထားပြီး အဲဒီထဲမှာ စစ်တပ်သတင်းပေးနဲ့ စစ်တပ်ပူးပေါင်းသူလို့ သံသ ယရှိတဲ့ အရပ်သားတွေကို မတရားကွပ်မျက်တာလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-IIMM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.