မော်လမြိုင် ၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့် စစ်မှုထမ်းသင်တန်းအတွက် အစားထိုးလူငှားခေါ်ယူမရတာကြောင့် မြို့ခံလူငယ်တွေကို စတင်ဆင့် ခေါ်နေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တပ်အင်အားလိုအပ်ချက်ကြောင့် သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို လစဉ်နီးပါး ခေါ်ယူနေပါတယ်။

စစ်မှုထမ်းသင်တန်း ခေါ်ယူရမှာ အရင်က သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ငွေကြေးနဲ့ဝယ်ယူပြီး လူစားလဲကာ စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်ခဲ့တာပါ။

ဒါပေမယ့် အခုနောက်ပိုင်းမှာ အငှားခေါ်ယူခံရတဲ့ အစားထိုးစစ်မှုထမ်းတွေဟာ သင်တန်းပြီးနောက် ရှေ့တန်းတွေထံ ချက်ချင်းပို့ဆောင်ခံရမှုနဲ့အတူ ငှားရမ်းလို့ မရတော့တဲ့အတွက်ကြောင့် မြို့ခံလူငယ်တွေကို စတင်ဆင့်ခေါ်နေတာပါ။

“အခုက သူတို့ အငှားတွေက သိပ်မရတော့ဘူးလေ။ အငှားခေါ်ဖို့လည်း အဆင်မပြေတော့ အခုအိမ်တွေမှာ အတင်းအကျပ်ခေါ်တာတွေ လုပ်လာတာပေါ့။ တချို့ အိမ်တွေက ဆင့်ခေါ်စာရတဲ့ အိမ်တွေက ယောကျ်ားလေးမရှိဘူးဆိုပြီး မသွားဘဲနေတော့ အခုမိန်းကလေးတွေပါခေါ်တယ်။ သူတို့က ဒီလက်နက်နဲ့ ပြည်သူ့စစ်အုပ်စုတွေနဲ့ အင်အားပြပြီးတော့ အိမ်တွေမှာလိုက်ခေါ်တယ်။ မလာရင်ရဲပါ ပါတယ်။ အဲဒီပြည်သူစစ်အဖွဲ့ဝင်တွေက လူငယ်တွေကိုခေါ်သွားတယ်” လို့ ဆိုပါတယ်။

စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့ ဆင့်ခေါ်ခံရတဲ့ လူငယ်တွေထဲက ငွေကြေးပေးဆောင်သူတွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နောက်သင်တန်းမှ ခေါ်ဆောင်မယ်ဆိုပြီး လျော့ပေါ့ပေးသလို ငွေကြေးမပေးဆောင်နိုင်သူတွေကိုတော့ ချက်ချင်းခေါ်ဆောင်တာတွေ ရှိနေပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းကတော့ နိုင်ငံအနှံ့ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တပ်အင်အားလျော့နည်းလာတဲ့အပေါ် လူငယ်တွေကိုမရရတဲ့နည်းနဲ့ စစ်ထဲအတင်း ဆွဲထည့်တာဖြစ်တယ်လို့ ပြောပါတယ်။

“ဒါတွေက စစ်ကောင်စီက စစ်ရေးအရ အရေးနိမ့်မှုတွေနဲ့ ကြုံတွေ့ နေရလို့ မရရတဲ့နည်းနဲ့ သွေးရူး သွေးတန်း လုပ်လာတဲ့သဘောပါ။ နောက်ပြီး စစ်အင်အားကို တစ်နည်းတစ်ဖုံ ပြန်ဖြည့်ဖို့ ကြိုးစားလာတယ်။ ဒါက ထူးခြားတယ်လို့ ပြောလို့မရပါဘူး။ တစ်နိုင်ငံလုံးအနှံ့ စစ်ရေးရှုံးဆုံးမှုတွေနဲ့ စစ်အင်အားလျော့နည်းလာမှုတွေကြောင့် မရရတဲ့နည်းနဲ့ လူငယ်တွေကို စစ်ထဲအတင်းဆွဲထည့်နေတဲ့ သဘောပါ”လို့ ဆိုပါတယ်။

အရင်က ရွှေ့ပြောင်းလုပ်သားတွေဟာ စစ်မှုထမ်း အစားထိုး အငှားလိုက်တဲ့နေရာမှာ တစ်ဦးကို ကျပ်သိန်း ၃၀ ကနေ ကျပ်သိန်း ၅၀ အထိ ရကြပေမယ့် အခုနောက်ပိုင်း သင်တန်းဆင်းပြီးတာနဲ့ ရှေ့ တန်း စစ်မြေပြင်ကို ပိုဆောင်လာတာကြောင့် အငှားလိုက်သူ နည်းပါးလာတာပါ။

ဒေသတွင်းမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအတွက် အရင်လိုအစားထိုးဖို့ လူငှားတွေ မရှိတော့တာကြောင့် လူငယ်တွေအနေနဲ့ လုံခြုံမှုကင်းမဲ့လာသလို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁ က နေ အပတ် ၅ အထိ စစ်သားစုဆောင်းခံရသူ ၁၂၀၀ ကျော်အထိ ရှိလာပြီး စစ်မှုထမ်း အပတ်စဉ် ၅ ကိုတော့ စက်တင်ဘာ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

စစ်မှုထမ်းအတွက် စစ်သားစုဆောင်းခံရသူတွေကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် တကက ၄ လို့ ခေါ်တဲ့ အမှတ် ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ သင်တန်းပေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.