မော်စကို၊ စက်တင်ဘာ ၅

ယူကရိန်းသို့ အမေရိကန်က တာဝေးပစ် ဒုံးကျည်တွေ ပေးပို့နိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က အမေရိကန်အနေနဲ့ ရုရှားဘက်က သတ်မှတ်ထားတဲ့ အနီရောင်စည်းတွေကို မလှောင်ပြောင်ဖို့ စက်တင်ဘာ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။

စစ်အေးစစ်ပွဲ နောက်ပိုင်း မော်စကိုနဲ့ ဝါရှင်တန်တို့ကြား လုံခြုံရေး ဟန်ချက် ညီမျှမှုကို နှစ်နိုင်ငံ ထိန်းချုပ်ရေး အမေရိကန်က စဉ်းစားမှု မရှိတော့ဘူးလို့ ဝန်ကြီး လက်ဗရော့က ပြောပါတယ်။

ရုရှားပိုင်နက် အတွင်းနက်နက်ထဲအထိ ပစ်ခတ် ရောက်ရှိနိုင်မယ့် JASSM ခရု့ဇ် ဒုံးကျည်တွေ ယူကရိန်းကို ထောက်ပံ့ဖို့ အမေရိကန်က ပြင်ဆင်နေတယ်ဆိုတဲ့ ရိုက်တာသတင်းနဲ့ ပတ်သက်လို့ ဝန်ကြီး လက်ဗရော့က အခုလိုမျိုး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ သူတို့ သတ်မှတ်ထားတဲ့ စည်းကိုလည်း ကျော်နေသလို ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း လက်ရှိ အနေအထားကို အသုံးချနေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းသို့ အနောက်တိုင်းက တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး ရုရှားကို တိုက်ခိုက်မယ်ဆိုရင် တတိယကမ္ဘာစစ် ဖြစ်လာလိမ့်မယ်လို့ ရုရှားက သတိပေးထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဝါရှင်တန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို သံချပ်ကာကားတွေ၊ ဒုံးကျည်တွေ၊ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပေးပို့ ကူညီထားပါတယ်။

အနောက်တိုင်းက သူတို့ ပေးပို့ထားတဲ့ လက်နက်တွေကို သုံးပြီး ရုရှား နယ်မြေထဲ ဝင်ရောက် တိုက်ခိုက်မှု မလုပ်ဖို့ ယူကရိန်းကို တားမြစ် ထားပေမယ့် ယူကရိန်းက ရုရှားနယ်မြေထဲ ဝင်ရောက်ပြီး နယ်မြေတချို့ သိမ်းပိုက်ထားပါတယ်။

ဒါက မိမိတို့ စစ်သားတွေအတွက် စိတ်ဓာတ် မြှင့်တင်ရေး ထိုးစစ်ဆင်မှု ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောထားပါတယ်။

ယူကရိန်းအတွက် လက်နက်တွေ ပေးပို့မှုနဲ့ ပတ်သက်လို့ ရုရှားက အကြိမ်ကြိမ် သတိပေးထားပြီး ဝန်ကြီး လက်ဗရော့က အမေရိကန်အနေနဲ့ ရုရှား သတ်မှတ်ထားတဲ့ အနီရောင်စည်းတွေကို သိရှိထားပြီး ဖြစ်သလို စည်းမကျော်သင့်ဘူးဆိုတာကိုလည်း သိထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်အနေနဲ့ တတိယ ကမ္ဘာစစ် ဖြစ်ပွားစေဖို့ ကြိုးပမ်းနေတာ မဟုတ်ဘူးလို့ အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ကာဘီက ပြောကြားထား ပေမယ့် အမေရိကန်ဟာ ယူကရိန်း စစ်ပွဲကို အရှိန်မြင့်အောင် လုပ်ဆောင်နေတယ်လို့ မော်စကိုက စွပ်စွဲထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.