ယူလန်ဘာတာ၊ စက်တင်ဘာ ၄

မွန်ဂိုလီးယားအနေနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြည်ဝင်ခွင့် ပိတ်ရင်ပိတ် မပိတ်ရင် ဖမ်းဆီးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းကြောင်း အဲဒီအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းရဲ့ တရားရေးဌာန အကြီးတန်းအရာရှိ မာရီယာ အီလန်နာ ဗီဂနိုလီက စက်တင်ဘာ ၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ မွန်ဂိုလီးယားဟာ သမ္မတ ပူတင်ကို မဖမ်းဆီးဘဲ လာရောက်လည်ပတ်ခွင့် ပြုမယ်ဆိုရင် နိုင်ငံတကာဥပဒေကို အာခံရာရောက်မှာ ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ နိုင်ငံတကာ တရားမျှတရေး ကောင်စီ အရာရှိ မာရီယာ အီလန်နာ ဗီဂနိုလီက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ICC ကနေ ဖမ်းဝရမ်းထုတ်ထားတဲ့ သမ္မတ ပူတင်ကို ကြိုဆိုတာက ရုရှားတပ်ဖွဲ့တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေရဲ့ သားကောင်တွေကို စိတ်ထိခိုက်စေရုံလောက်ပဲ မဟုတ်ဘဲ ဘယ်လောက်ပဲ အာဏာရှိရှိ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ အရေးကြီးတဲ့ အခြေခံမူကို အားလျှော့အောင် လုပ်ရာလည်း ရောက်ပါလိမ့်မယ်လို့ အရာရှိ ဗီဂနိုလီက ပြောကြားခဲ့တာပါ။

ကရင်မလင် နန်းတော်ရဲ့ ထုတ်ပြန်ချက်အရ သမ္မတ ပူတင်ဟာ မွန်ဂိုလီးယားနိုင်ငံ မြို့တော် ယူလန်ဘာတာသို့ စက်တင်ဘာ ၂ ရက်မှာ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၃ ရက်မှာ သမ္မတ ယူချန်နာဆင် ချူရက်ဆုနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မွန်ဂိုလီးယား ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်အရ သမ္မတ ပူတင်က အခုလို လာရောက်တာ ဖြစ်ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်း ကရင်မလင် နန်းတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားသလို ယူကရိန်း ကလေးငယ်တွေကို ရုရှားသို့ တရားမဝင် ပို့ဆောင်မှုအတွက် သည်ဟေ့ဂ်မြို့ အခြေစိုက် တရားရုံးက သမ္မတ ပူတင်ကို အလိုရှိနေတာ ဖြစ်ပါတယ်။

မွန်ဂိုလီးယားဟာ ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီး ပူတင်လာရောက်ပါက ဖမ်းဆီးရမယ့် တာဝန်ရှိပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံကြား ရင်းနှီး ခင်မင်မှုကြောင့် သမ္မတ ပူတင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်မှု မရှိဘူးလို့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ပြောပါတယ်။

ICC တရားရုံး ဖွဲ့စည်းမှုကို ထောက်ခံတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပူတင်ကို နိုင်ငံတကာ ဖမ်းဝရမ်းနဲ့ ဖမ်းဆီးပေးရေး ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တိုက်တွန်းထားပါတယ်။

ရုရှားအပေါ် အမှီပြုနေရတာကြောင့် နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို မွန်ဂိုလီးယားဘက်က ပျက်စီးခံမှာတော့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြားခဲ့ကြပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.