ပဲခူး ၊ စက်တင်ဘာ ၁

တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ပြည်သူ့လုံခြုံရေးမှာ နယ်မြေခံ ရပ်မိ၊ရပ်ဖတွေ ရဲတပ်ဖွဲ့ဝင်တွေ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

ဩဂုတ် ၃၀ ရက်နေ့က ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့ အကောင်အထည်ဖော်နေတဲ့ ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

အဆင့်ဆင့်သတင်းပေးတဲ့ စနစ်ကို ဖော်ဆောင်ပြီး ဒေသကောင်းကျိုးဆောင်ရွက်မယ့်သူတွေ ရဲတပ်ဖွဲ့ဝင်တွေ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းကာ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီအနေနဲ့ လမ်း၊ရပ်ကွက်အလိုက် လုံခြုံရေးကင်းတွေချရင်း ရွေးကောက်ပွဲအတွက်ပါ တခါတည်း ပြင်ထားတဲ့ သဘောလို့ သုံးသပ်ပါတယ်။

“ရပ်ရွာထဲမှာ သူတို့ လုံခြုံရေးနဲ့ အကြမ်းဖက်အင်အားတွေ ဝင်ရောက်မှုကို သတင်းပေးဖို့ ရပ်ကွက်အလိုက် လမ်းအလိုက် လုံခြုံရေးကင်းတွေ ချဖို့ စတဲ့ လုပ်ငန်းတွေ လုပ်ရင်းနဲ့ တချိန်တည်းမှာ သူတို့က ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စာရင်းကောက်တာ၊ မဲရုံတည်ဆောက်တာ လုပ်ဖို့အတွက်ပါ တခါတည်း ပြင်ထားတာပေါ့။ဒါပေမယ့် ကျွန်တော် မြင်တာက သူတို့ အဲဒီလို မျှော်မှန်းတဲ့ အခြေအနေတစ်ခုအထိ ရောက်မှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာ နွေဦးတော်လှန်ရေးအင်အားစုတွေက မန္တလေးတိုင်းကို စစ်ရေးခြိမ်းခြောက်မှုတွေ ပြုလုပ်လာနေသလို မြို့ တချို့ကိုလည်း ထိန်းချုပ်ထားနိုင်တဲ့အတွက် မန္တလေးမြို့ပေါ်အထိ တိုက်ပွဲတွေ မဖြစ်လာစေဖို့ စစ်တပ်ထောက်ခံသူတွေက ဆန္ဒပြတာတွေလည်း ရှိနေတာပါ။

စစ်ခေါင်းဆောင်ကတော့ ပြည်သူ့လုံခြုံ‌ရေးမှာ အဆင့်ဆင့်သတင်းပေးတဲ့ စနစ်ကို ကျင့်သုံးရင် အမှုအခင်းတွေလည်း များစွာလျော့နည်းသွားမယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပိုင်းကို ကျေးလက်တွေအထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ‌ရွေးကောက်ပွဲကျင်းပမှုကို များစွာအထောက်အကူပြုနိုင်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ဩဂုတ် ၁၆ ရက်နေ့မှာ တိုင်း၊ပြည်နယ်၊ခရိုင်၊မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စုအထိ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ဖွဲ့စည်းဖို့ ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ဝင်တွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ ထောက်ပံ့ပို့ဆောင်တာနဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ရွှေ့ထုတ်ကယ်ဆယ်ရေးတာဝန်တွေလည်းပေးအပ်ဖို့ စစ်ကောင်စီက စီစဉ်ထားတာပါ။

ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း အခြေအနေနဲ့ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ကျင့်ပေးတာ၊ တပ်ဖွဲ့ ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အရပ်သားအမျိုးသားတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ပါဝင်ခိုင်းကာ ရက်တိုစစ်သင်တန်းပေးပြီး ရပ်ကွက်၊ကျေးရွာတွေမှာ လုံခြုံရေးကင်းစောင့်ခိုင်းမယ့် အစီအစဉ်ပါ။

ပြည်သူတွေကတော့ စစ်ကောင်စီဖော်ဆောင်မယ့် ပြည်သူ့လုံခြုံရေးဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကြား သဘောထားကွဲလွဲအောင် လုပ်နေသလို နှစ်ဘက်လက်နက်ကိုင်တွေကြောင့် အကြပ်ရိုက်စေတယ်လို့ ထုတ်ပြောထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.