မော်လမြိုင်၊ ဩဂုတ် ၂၄

နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အထိ ရှိလာတယ်လို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့ခြောက်ဖွဲ့က ဩဂုတ် ၂၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။

အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရောက်ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် PPN M ၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP အပါအဝင် အဖွဲ့ ခြောက်ဖွဲ့ က ကြေညာချက်ထုတ်ပြန်တာပါ။

အဲဒီထဲမှာ မှတ်တမ်းရုပ်ရှင်ဖန်းတီးသူ နိုင်ငံရေးအကျဉ်းသား ကိုဖေမောင်စိမ်းဟာ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ နံရိုးကျိုးတဲ့ဒဏ်ရာအား လွိုင်ကော်ထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရရှိဘဲအရိုး တီဘီရောဂါကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုဖေမောင်စိမ်းရဲ့ ရောဂါအခြေအနေ အလွန်ဆိုးဝါးလာမှ အင်းစိန်ထောင်ကို ပြောင်းရွှေ့ကာ အင်းစိန်ဆေးရုံမှာ သံခြေကျဉ်းခတ်ပြီး ဆေးကုသပေးခဲ့ပေမယ့် အချိန်နောက်ကျခဲ့တဲ့အတွက် မကွယ် လွန်ခင် ဩဂုတ် ၁၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဩဂုတ် ၁၉ ရက်နေ့မှာတော့ ကိုဖေမောင်စိမ်းဟာ အဲဒီရောဂါနဲ့မသေဆုံးသင့်ဘဲ သေဆုံးခဲ့ပြီး အခုလို အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးအထိရှိတယ်လို့ အသိပေးထားပါတယ်။

ဩဂုတ် ၁၉ ရက်နေ့ကလည်း ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ရေချိုးတဲ့နေရာကို အမျိုး သားထောင်ဝန်ထမ်းတွေက မကြာခဏဝင်ထွက်နေတာကြောင့် အဆောင်မှူးထံ တိုင်းကြားရာမှ စကားများခဲ့ပြီး နိုင်ငံရေးအကျဉ်းသူတွေကို လေးခွတွေနဲ ပစ်ခတ်ခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသူ ၈ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထောင်အာဏာပိုင်တွေမှ အမျိုးသားဝန်ထမ်းတွေကို အသုံးပြုပြီး နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်မှုတွေ ပြုလုပ်ရုံသာမက ညဘက်တွေမှာလည်း လက်နက်အပြည်အစုံနဲ့ အမျိုးသမီးဆောင်အတွင်း ဝင်ရောက်မှုတွေ ပြုလုပ်နေတာကြောင့် အကျဉ်းသူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်နေရတာပါ။

ပြီးခဲ့တဲ့ ဇွန်လကလည်း ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအ ကျဉ်းသူ ၄၀ ကျော်ကိုလည်း မူးယစ်ဆေးဝါးနဲ့ တရားမဝင်ပစ္စည်းတွေ တွေ့ရှိတယ်ဆိုပြီး ထောင်အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ရိုက်နှက်ဖိနှိပ်ခဲ့တာကြောင့် အမျိုးသမီးအကျဉ်းသူတွေ ထိခိုက်ဒဏ် ရာရရှိခဲ့တဲ့အပြင် ဆေးကုသခွင့်မပေးဘဲ တိုက်ပိတ်ထားတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေအပေါ် ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက် ကျူး လွန်နေသူတွေကို စနစ်တကျ မှတ်တမ်းတင်ဖော်ထုတ်ပြီး အပြစ်ပေးအရေးယူနိုင်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့ခြောက်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.