ကျိုက်ထို၊ ဩဂုတ် ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

သြဂုတ် ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်ရင်း နှစ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ဝါးဒက်ကွင်း၊ သုံးခွ၊ မုက္ခမော့၊ စစ်ကွင်း၊ ခရွဲနဲ့ အခိုင်ကျေးရွာတွေဘက်ကို ၂ နာရီနီးပါးအကြာ လက်နက်ကြီး တရစပ်ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုအတွင်း ဆိုင်ကယ်လာပြင်တဲ့ ဝါးဒက်ကွင်းကျေးရွာနေ အသက် ၂၂ နှစ်အရွယ် မောင်ချမ်းမြေ့အောင်ဟာ ကျည်စထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေ ဆုံးခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ မုက္ခမော့ကျေးရွာမှာလည်း ဒေသခံတွေ မွေးမြူထားတဲ့ နွားသုံးကောင်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။

ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်တွေဟာ သူတို့တပ်စခန်း တိုက်ခိုက်ခံရတာကြောင့် အရပ် သား ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို နေ့ရောညပါ လက်နက်ကြီးပစ်ခတ်မှုတွေ ကျုးလွန်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေတွင်းလုပ်သားတွေအပါအဝင် ဒေသခံရှစ်ဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.