ကျွန်းစု၊ ဩဂုတ် ၂၁

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မင်းခေါင်းဆေးကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်းနေသူနှစ်ဦးအား သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်း လင်းခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့ ဖွဲ့ဖို့ ဒေသခံတွေကို လူသစ်စုဆောင်းနေတဲ့ မင်းခေါင်းဆေးကျေးရွာ ရာအိမ်မှူးဦးနောင်မှေးနဲ့ ဦးကြည်စင်အောင်တို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီအချိန်ခန့်မှာ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာပါ။

သွားရောက်ဖမ်းဆီးစဉ် ရာအိမ်မှူး ဦးနောင်မှေးနဲ့ ဦးကြည်စင်အောင်တို့က လက်နက်ငယ်နဲ့ ပြန် လည်ခုခံပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးချိန်မှာ နှစ်ဦးလုံးသေဆုံးသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သူတို့နှစ်ဦးကို ပြည်သူ့စစ်အဖွဲ့ ဖွဲ့တာ၊ သင်တန်းပေးတာတွေ မပြုလုပ်ဖို့ အကြိမ်ကြိမ် သတိပေးတားမြစ်ပေမယ့် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်းနေသူနှစ်ဦးအား ပစ်ခတ်ရှင်းလင်းမှုဟာ ကျေးရွာနေပြည်သူလူထုတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပစ်ခတ်ရှင်းလင်းခံရသူ နှစ်ဦးဟာ ကျေးရွာအတွင်းမှာ ဒေသခံပြည် သူလူထုတွေကို အမြဲလိုသေနတ်နဲ့ခြိမ်းခြောက် အကြပ်ကိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် သဘောင်တောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ဦးကျော်မြင့်ကို PDF ဘက်က သွားရောက်ဖမ်းဆီးချိန် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ကျွန်းစုPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.