ဂျီနီဗာ၊ သြဂုတ် ၁၅
အာဖရိကဒေသတွေမှာ မျောက်ကျောက်ရောဂါ ပျံ့နှံ့နေမှုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။
အရင်က မျောက်ကျောက်ရောဂါလို့ ခေါ်ပြီး mpox နာမည်ရှိ ကူးစက်မှုနှုန်း မြင့်မားတဲ့ရောဂါဟာ ကွန်ဂိုနိုင်ငံမှာ ကနဦး ပျံ့နှံ့မှုအတွင်း လူ ၄၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
အခုအချိန်မှာ အာဖရိကတိုက်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ပျံ့နှံ့နေပြီး အဲဒီရောဂါပိုး မျိုးစိတ်သစ် ပျံ့နှံ့မှု မြန်ဆန်ပုံနဲ့ သေဆုံးနိုင်မှု မြင့်မားပုံနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေ စိုးရိမ်နေကြပါတယ်။
WHO အကြီးအကဲ တက်ဒရို့စ်က အာဖရိက တိုက်တွင်းနဲ့ အဲဒီထက်ကျော်လွန်ပြီး နောက်ထပ် ရောဂါပျံ့နှံ့ နိုင်ခြေဟာ အရမ်းစိုးရိမ်စရာ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။
အဲဒီရောဂါပျံ့နှံ့မှုကို တားဆီးရေးနဲ့ လူ့အသက်တွေကို ကယ်ဆယ်နိုင်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
လိင်ဆက်ဆံမှု၊ အရေပြားချင်း ထိတွေ့မှု၊ လူတစ်ယောက်နဲ့ တစ်ယောက် အနီးကပ် စကားပြောတာ ဒါမှမဟုတ် အသက်ရှူတာတို့လို အနီးကပ် ထိတွေ့မှုကတဆင့် mpox ရောဂါကို ကူးစက်စေနိုင်ပါတယ်။
ဒီရောဂါကြောင့် တုပ်ကွေးလို ရောဂါလက္ခဏာတွေနဲ့အရေပြား ထိခိုက်မှု ဖြစ်စေသလို ရောဂါ ကူးစက်သူ ၁၀၀ မှာ ၄ ဦး သေဆုံးနိုင်ပါတယ်။
Mpox ရောဂါမှာ အဓိက အမျိုးအစား နှစ်မျိုးရှိပြီး Clade 1 နဲ့ Clade 2 လို့ နာမည် ပေးထားပါတယ်။
အရင်က မျောက်ကျောက်ရောဂါနဲ့ ပတ်သက်လို့ အများပြည်သူ ကျန်းမာရေး အရေးပေါ် အခြေအနေ ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်မှာကြေညာခဲ့ဖူးပြီး အဲဒီတုန်းက အပျော့စား Clade 2 ရောဂါ ကူးစက်ခံရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အပြင်းစား Clade 1 ရောဂါ ပျံ့နှံ့နေတာ ဖြစ်ပြီး အရင်က ရောဂါထက် လူသေဆုံးမှုနှုန်း မြင့်တက်လာနေပါတယ်။
ပြီးခဲ့တဲ့နှစ် နှစ်ဆန်းပိုင်းမှာ ကွန်ဂိုနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၃၇၀၀ ရှိပြီး လူ ၄၅၀ သေဆုံးခဲ့ပါတယ်။
ဘူရွမ်ဒီ၊ ဗဟိုအာဖရိက၊ ကင်ညာနဲ့ ရဝမ်ဒါတို့လို အခြား အာဖရိက နိုင်ငံတွေမှာလည်း ရောဂါ ကူးစက်မှုတွေ ရှိနေပါတယ်။
ရောဂါ အလျင်အမြန် ပျံ့နှံ့မှု အတွင်း ကူးစက်ခံရသူ ၈၇၀၀၀ ကျော်ရှိပြီး ၁၄၀ ဦး သေဆုံးခဲ့ကြောင်း WHO က ဖော်ပြထားပါတယ်။
Ref:BBC