နေပြည်တော် ၊ ဩဂုတ် ၁၃
ရှမ်း-မန်း စစ်ဆင်ရေးတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ လစ်လပ်နေတဲ့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်အခြေစိုက်သံအမတ်ကြီးနဲ့ မန္တလေးအခြေစိုက် ကောင်စစ်ဝန်ချုပ်တို့နေရာမှာ အမျိုး သမီးနှစ်ဦးနဲ့ အပြောင်းအလဲလုပ်လာပါတယ်။
အရင် တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းနဲ့ တရုတ်ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်းတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းနဲ့ ဒုတိယပတ်အတွင်း တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပြီး တစ်လအကြာမှာ အခုလိုခန့်အပ်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် မစ္စ မာကျားကို ဩဂုတ် ၁၂ ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီလို့ အဲဒီသံရုံးက ဩဂုတ် ၁၃ ရက်နေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထုတ်ပြန်ပါတယ်။
မစ္စမာကျားဟာ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုအခါမှာတော့ ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်လာခဲ့တာပါ။
တစ်ဘက်မှာ မန္တလေးမြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ကောင်စစ်ဝန်ချုပ်အဖြစ် ထမ်းဆောင်မယ့် မစ္စကောင်းဖျင်ကလည်း ဩဂုတ် ၁၂ ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ လာရောက်တွေ့ဆုံပြီး သူ့ရဲ့ ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေး၊ နှစ်နိုင်ငံဆက်ဆံရေနဲ့ နှစ်ဘက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ ဆွေ းနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုတွေများစွာရှိနေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတွေအပေါ် တရုတ်အစိုးရက ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာဖို့ တောက်လျှောက်တိုက်တွန်းခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာနိုင်ငံရှိ ဘက်အသီးသီးက အပစ်ခတ်ရပ်စဲဖို့ ဦးဆောင်ဖျောင်းဖျနေပြီး ဆွေးနွေးမှုနဲ့သာ ဖြေရှင်းရေးနည်းလမ်းကို တက်တက်ကြွကြွ ဆက်လက်တိုက်တွန်းသွားမယ်လို့ တရုတ်ကထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOFA