မကွေး ဩဂုတ် ၁၃
မကွေးတိုင်းအတွင်းက မြို့နယ်တွေမှာ အခုလတ်တလော စက်သုံးဆီပြတ်လပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
သြဂုတ်လ ၁၃ ရက်ကစလို့ မကွေးတိုင်းက မြို့နယ်တော်တော်များများမှာ စက်သုံးဆီပြတ်လပ်နေတာပါ။
“ကျွန်တော်တို့ပွင့်ဖြူမှာတော့ ဘယ်ဆိုင်မှာမှဝယ်မရတော့ဘူး။ တန်းစီတာက မနေ့ညကတန်းစီရတယ်။ ဒီနေ့တော့ ဆိုင်တွေကပိတ်တယ်” လို့ ပွင့်ဖြူဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
သြဂုတ် ၁၂ ရက်အထိ အကန့်အသတ်နဲ့ ဝယ်ယူလို့ရခဲ့ပေမယ့် သြဂုတ် ၁၃ ရက်နေ့မှာ ဆီပြတ်သွားတာလို့ပြောပါတယ်။
ဒီလိုမျိုး စက်သုံးဆီပြတ်လပ်တာဟာ ဒေါ်လာအခက်ခဲကြောင့်ဖြစ်ပြီးတော့ ဆီကားတွေရောက်မလာလို့ကို မရောင်းချရတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကသုံးသပ်ကြပါတယ်။
“ဆီကလိုချင်သလောက်မရဘူး။ ဘူးနဲ့လည်းဝယ်လို့မရတော့ဘူး။ ကားဆီဆိုရင် လုံးလုံးဝယ်မရတော့ဘူး။ ကြာမယ်လို့တော့ ဆီဆိုင်တွေကပြောတယ်” လို့ စလင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဓာတ်ဆီတစ်လီတာကို ၃၀၀၀ ကျပ်ပေးဝယ်ယူနေရပြီး ဆီစျေးမပြောင်းလဲပေမယ့် ဝယ်ယူလို့မရတော့တာဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးမြို့ပေါ်က ဆိုင်အချို့ကတော့ ဆီကားလာရင်ရောင်းချနေဆဲဖြစ်ပေမယ့် ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ကျပ်နှုန်းသာရောင်းချပြီး မော်တော်ယာဉ်တွေကိုတော့ ရောင်းချမပေးတော့ဘူးလို့ သိရပါတယ်။
သံလွင်တိုင်းမ်
ပုံစာ – မကွေးတိုင်းအတွင်းမှ စက်သုံးဆီအရောင်းဆိုင်တစ်ခု။
ဓာတ်ပုံ – Social Media