ကျိုက်ထို၊ ဩဂုတ် ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခိုင်ကျေးရွာအနီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် တာဝန် ရှိသူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက် တပ်က လက်နက်ကြီးပစ်ခတ်ရာကနေ အခိုင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အခိုင်ကျေးရွာ တောင်ဘက်ပိုင်းချောင်းစပ်မှာ ငါးလာရှာတဲ့ မုက္ခမော့ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် ကိုမိုးဒီဟာ အူပွင့်ထွက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကိုမိုးဒီကို KNU သထုံခရိုင် ဆေးပေးခန်းတစ်ခုမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကျောက်တန်းလေးကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေတွင်းလုပ်သားတွေအပါအဝင် ဒေသခံရှစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်တစ်လအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.