ရန်ကုန် ၊ ဩဂုတ် ၁၃
အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေချိန် အလုပ်သမားတွေအတွက် အပိုထောက်ပံ့ကြေးအဖြစ် တစ်ရက်လုပ်အားခ ကျပ်တစ်ထောင် တိုးပေးသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီရဲ့ ကြေညာမှုအပေါ် အလုပ်သမားတွေက ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက နေ့စားဝန်ထမ်းနဲ့ နေ့စားအလုပ်သမားတွေကို အရင်ထောက်ပံ့ပေးလျက်ရှိတဲ့ အပိုထောက်ပံ့ ကြေး ကျပ်တစ်ထောင်အပြင် အခုအပိုထောက်ပံ့ကြေး ကျပ်တစ်ထောင် ထပ်မံခံစားခွင့်ပြုလိုက်တယ်လို့ ဩဂုတ် ၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။
စစ်ကောင်စီရဲ့ ကြေညာမှုဟာ အနိမ့်ဆုံး တစ်ရက်လုပ်အားခ ကျပ် ၄၈၀၀ အပေါ် တိုးမြှင့်သတ်မှတ်တာမျိုးမဟုတ်ဘဲ အပိုထောက်ပံ့ကြေးအဖြစ် တိုးပေးနေတာ ဖြစ်နေတဲ့အတွက် အလုပ်သမားတွေအနေနဲ့ တစ်ရက်လုပ်အားခ ကျပ် ၆၈၀၀ ရရှိမှာ ဖြစ်ပါတယ်။
တစ်ရက်လုပ်အားခ ကျပ်တစ်ထောင် တိုးပေးမှုဟာ သြဂုတ်လကစပြီး အကျုံးဝင်မှာဖြစ်ပြီး ခံစားခွင့်ရသူတွေထဲမှာ အလုပ်သမား ၁၀ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေနဲ့ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းတွေ သက်ဆိုင်ခြင်းမရှိစေရဘူးလို့လည်း ဆိုထားပါတယ်။
အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက် နေချိန်မှာ အလုပ်သမားတွေအတွက် ကျပ်တစ်ထောင် တိုးပေးလိုက်ပေမယ့် သူတို့တွေရဲ့ အကျပ်အ တည်း ပြေလည်သွားမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တစ်နေ့လုပ်ခ လက်ရှိဖြစ်နေတဲ့ ကုန်ဈေးနှုန်းနေ့ချင်းညချင်းဖြစ်နေတဲ့ ငွေလဲနှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင်တော့ ကုန်ဈေးနှုန်းနဲ့ လူနေမှုစရိတ်တွေနဲ့ဆိုလို့ရှိရင် ဒီလူနေမှုစရိတ်ကို လိုက်မီနိုင်တဲ့ လုပ်ခတိုးမြှင့်တာ မဟုတ်ရင်တော့ အလုပ်သမားတွေအတွက်ကဗျာ ဘာမှမရတာထက်စာရင် နည်းနည်းလေး ရသွားတာကလွဲရင် သူတို့အကျပ်အတည်းတွေ သူတို့ဒုက္ခတွေက ပြေလည်သွားမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။
တစ်ရက်လုပ်အားခ ကျပ်တစ်ထောင်တိုးမြှင့်ပေးတဲ့နေရာမှာ အပိုထောက်ပံ့ကြေးလို့သာ သုံးနှုန်းထားတာကြောင့် အချိန်ပိုကြေးရှင်းတဲ့နေရာမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာဖြစ်လာနိုင်သလို အငြင်းပွားမှုတွေလည်း ရှိလာနိုင်တယ်လို့ အလုပ်သမားအရေးကူညီနေသူတွေက သုံးသပ်ပါတယ်။
အထည်ချုပ်လုပ်သားတစ်ဦးကလည်း စစ်ကောင်စီဘက်က တစ်ရက်လုပ်အားခ ကျပ်တစ်ထောင်တိုးပေးပေမယ့် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေတဲ့အတွက် ဘယ်လိုမှအဆင်မပြေနိုင်ဘူးလို့ ဝေဖန်ပါတယ်။
“သူတို့တစ်ထောင် တိုးပေးတယ်။ တိုးပေးတဲ့ဟာအပေါ် မူတည်ပြီးတော့ပေါ့နော် ကုန်ဈေးနှုန်းက နောက်က လိုက်တက်လာတာလေ။ ဒီလစာမတိုးခင်ကတည်းက အဆောင်လခတွေတက်ပြီး ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်းကအစ စပြီးတော့ ဈေးကတက်ပြီးသွားပြီပေါ့။ အဲဒီလိုမျိုးပေါ့။ အခုတက်တော့လည်း နောက်ကနေ တရိပ်ရိပ်ထပ်ပြီး ထပ်ပြီး နေ့တိုင်းက တက်နေတာပဲလေ။ လက်ရှိရထားတဲ့ လစာနဲ့ကတော့ အဆင်မပြေတော့ဘူးပေါ့နော်။ အလုပ်သမားတွေ အတွက်ကတော့ ဘယ်လိုမှ အဆင်မပြေသေးပါဘူး”လို့ ဆိုပါတယ်။
အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တကြိမ်ပြင်ဆင်ဖို့ ပြဌာန်းထားပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီကနေ့အထိ မပြင်ဆင်နိုင်သေးဘဲ ငါးနှစ်အတွင်း တစ်ရက် ၄၈၀၀ ကျပ်မှာသာ ခရီးဆုံးနေခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာတော့ အလုပ်သမားတွေဟာ စစ်အုပ်စုရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုအတွင်း မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာတဲ့ဒဏ်ကို အလူးအ လဲခံစားနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media