မော်လမြိုင်၊ သြဂုတ် ၁၂
ပြည်သူလူထုရဲ့ ဆန့်ကျင်တိုက်ပွဲဝင်မှုတွေ အရှိန်အဟုန်ပြင်းထန်လွန်းတဲ့အတွက် စစ်အုပ်စုဟာ ထိန်းမနိုင်တော့တဲ့ အခြေအနေကို ရောက်နေသလို စစ်အာဏာရှင် ချုပ်ငြိမ်းကွယ်ပျောက်တော့မယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၄ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ကို ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာပေးပို့ရာမှာ အခုလို ထည့်သွင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ကနေ တိုင်းပြည်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ ရက်နေ့ နောက်ပိုင်းမှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး၊ လူမျိုးတွေအားလုံးက နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတာဖြစ်တယ်လို့ ဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
မဟာလူမျိုးကြီးဝါဒ စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင်ပျောက်ပျက်သွားဖို့ ကျရာကဏ္ဍအသီးသီးကနေ ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ တည်ဆောက်သွားရမှာဖြစ်သလို မဟာလူမျိုးကြီးဝါဒ အာဏာရှင်စနစ် ပြိုလဲဆုံးခန်းတိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးတွေ၊ နိုင်ငံရေးပါတီတွေ၊ ဒီဝါဒကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ KNU ဥက္ကဌက ဆိုထားပါတယ်။
ကရင်အမျိုးသားတို့ရဲ့ လိုလားချက်ပြည့်ဝရရှိဖို့အတွက် ရုန်းကန်လှုပ်ရှားခဲ့ရာမှာ ကရင့်အမျိုးသားခေါင်းဆောင်ရဲဘော်တွေ၊ ပြည်သူလူထုတွေဟာ မျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်းတာဝန်ယူလာခဲ့ကြပြီး ကျရာကဏ္ဍ၊ အခြေအနေ၊ နေရာတိုင်းမှာ အသီးသီးထမ်းဆောင်လာခဲ့ကြသလို ကရင့်အမျိုးသားလိုလားချက်တွေအတွက် ဒီကနေ့နဲ့ အနာဂတ်လှုပ်ရှားဆောင်ရွက်မှုတွေဟာ မိမိတို့ရဲ့လက်ထဲမှာရှိပြီး မိမိတို့ရဲ့ တာဝန်တွေပဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနာဂတ်လှုပ်ရှားမှုတွေအတွက် မိမိတို့ကြားမှာရှိတဲ့ မတူညီခြားနားမှုတွေ၊ အမြင်ကွဲလွဲနေတာတွေကို ဘေးဖယ်ချထားပြီး ကရင့်အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်စွာ မိမိကဏ္ဍ၊ မိမိနေရာဒေသအသီးသီးမှာ ပါဝင်ဆောင်ရွက်ကြဖို့၊ ကရင့်အမျိုးသား အာဇာနည်တွေရဲ့ အသက်စတေး ပေးဆပ်ခဲ့တဲ့ မျှော်မှန်းချက်တွေကို ပြည့်ဝအောင် အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဦးစီးဌာနချုပ်ကလည်း ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာတော့ လွန်ခဲ့တဲ့နှစ်ကာလအတွင်း လက်နက်ကိုင်ရင်ဆိုင်တိုက်ပွဲ စစ်မျက်နှာကနေ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စစ်မျက်နှာဆီကို ရွေ့လျားသွားခဲ့ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ ဆိုထားပါတယ်။
ရုပ်ငြိမ်းရေးလုပ်ငန်းရုပ်လုံး မပေါ်နိုင်ရုံသာမက ပြည်တွင်းစစ်ကသာ အတောမသတ်ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် ငိုက်မြည်းမေ့လျော့မနေကြဖို့နဲ့ အစဉ်သဖြင့် သတိရှိရှိ တိုက်ပွဲဝင်လှုပ်ရှားကြဖို့လိုသလို ဥက္ကဌကြီးစောဘဦးကြီးနဲ့တကွ ခေါင်းဆောင်အဆက်ဆက်က လက်ဆင့်ကမ်းချမှတ်ပေးထားခဲ့တဲ့ လမ်းညွှန်မှုတွေအပေါ် မားမားမတ်မတ် ရပ်တည်လိုက်နာလုပ်ဆောင်သွားကြဖို့လည်း ကရင်လူငယ်တွေအပေါ် KNLA ဗဟိုစစ်ဦးစီးဌာနချုပ်က တိုက်တွန်းလိုက်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU