ဘီးလင်း ၊ ဩဂုတ် ၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် စိုက်ပျိုးထားတဲ့ မိုးစပါးလယ်ဧကတွေ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် စစ်ကောင်စီဘက်က လာရောက်ကူညီဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်အတွင်းက စိုက်ပျိုးထားတဲ့လယ်တွေဟာ ဇူလိုင်လနောက်ဆုံးအပတ်က မိုးအဆက်မပျက်ရွာသွန်းပြီး ဘီးလင်းမြစ်ရေတွေဟာလည်း စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ တိုးဝင်ခဲ့တဲ့အတွက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တာပါ။
ရေကြီးရေလျှံမှုကြောင့် တစ်ပတ်ကျော်ကြာ ရေမပြန်ကျတဲ့အတွက် စိုက်ပျိုးထားတဲ့စပါးတွေ ရေ နစ်ပျက်စီးကာ ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။
တောင်သူတစ်ဦးကတော့ စပါးခင်းတွေ ရေကြီးနစ်မြှုပ်မှုကြောင့် မျိုးခင်း၊ ကြဲခင်းနဲ့ စိုက်ခင်းအပါ အဝင် ဧက ၁၀၀ နီးပါး ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး စစ်ကောင်စီအနေနဲ့ မနှစ်ကရော ဒီနှစ်မှာပါ ကူညီပေးတာ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရေက ၇ ရက် မြှုပ်လိုက်တော့ မျိုးခင်းတွေပါ အကုန်လုံးသေကုန်ပြီ။ ကြဲခင်းတွေလည်း သေ၊ စိုက်ကွက်တွေလည်း သေ။ တချို့ ဆိုရင်လည်း အကုန်လုံးနီးပါးပဲ။ အစိုက်နောက်ကျတဲ့သူတွေ ပိုပြီးဒုက္ခရောက်သွားတယ်။ ဘီးလင်းမြို့နယ်ခြမ်းဆို ပျမ်းမျှရေအကုန်လုံး လိုက်ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ ဧက ၁၀၀ ဝန်းကျင် လောက်တော့ ဖြစ်သွားမယ်။ မနှစ်ကနေ ဒီနေ့ထက်ထိဆိုတော့ ဘာတစ်ခုမှ မရှိသေးဘူး။ ၂နှစ် ဆက်တိုက်ဆိုတော့လည်း လယ်သမားလည်း နာလန်မထူနိုင်တော့ဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် ရေကြီးနစ်မြှုပ်ပြီး ပျက်စီးခဲ့ရတဲ့ လယ်တွေကိုတော့ တချို့တောင်သူတွေအနေနဲ့ ပြန်လည် စိုက်ပျိုးဖို့ လုပ်ဆောင်နေတာတွေရှိသလို တချို့ တောင်သူတွေကတော့ စိုက်ပျိုးစရိတ်ကြီးမြင့်နေတဲ့အတွက် ပြန်လည်စိုက်ပျိုးမနိုင်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။
တောင်သူတစ်ဦးကလည်း ရေကြီးနစ်မြုပ်မှုကြောင့် စပါးတွေအခြေအနေဆိုးပြီး အသေအပျောက် များသလို ပြီးခဲ့တဲ့နှစ်ကလည်း ဆုံးရှုံးမှုများခဲ့တာကြောင့် ဒီနှစ်ဘယ်လောက် ပြန်ရမလဲဆိုတာတောင် မပြောတတ်တော့ဘူးလို့ ဆိုပါတယ်။
“လယ်ကတော့ တော်တော်လေးကို အခြေအနေဆိုးသွားတယ်။ လယ်အခြေအနေ တော်တော်ဆိုးရတာ ရေကြီးပြီးတော့ သေနေတယ်။ ကျွန်တော်တစ်ဦးတည်း မဟုတ်ဘူး။ လူတိုင်းပဲ သေတာပေါ့နော်။ အခု အကွက်လိုက် အကွက်လိုက်ပဲ။ အဲဒီလိုမျိုး အသေအပျောက် များသွားတယ်။ မျိုးတွေလည်း လိုက်ရှာဝယ်ရခက်၊ ကုန်ကျစရိတ်လည်း တအားများသွားတဲ့အခါကျတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် စပါးတစ်ဧက စိုက်ပျိုးပါက မျိုးစပါး၊ စိုက်ပျိုးစရိတ်၊ သွင်းအားစုနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်အပါအဝင် အထွေထွေကုန်ကျငွေ ၃သိန်းဝန်းကျင်ရှိတာကြောင့် ပြန်လည်စိုက်ပျိုးဖို့ အခက်တွေ့နေရတယ်လို့ သူကဆက်ပြောပါတယ်။
အရင်အစိုးရလက်ထက်က သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပြီး လယ်တွေပျက်စီးပါက မျိုးစ ပါးအပါအဝင် ဓာတ်မြေဩဇာတွေ ထောက်ပံ့ပေးတာ၊ သက်သာတဲ့နှုန်းထားနဲ့ ရောင်းချပေးတာတွေရှိခဲ့ပေမယ့် စစ်ကောင်စီ လက်ထက်မှာတော့ ကူညီဆောင်ရွက်ပေးတာမရှိဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။
စစ်ကောင်စီဘက်က ထောက်ပံ့ကူညီ ပေးတာမရှိတဲ့အတွက် တချို့တောင်သူတွေအနေနဲ့ ချေးငှားပြီး ကြဲခင်းတွေစိုက်ပျိုးဖို့ ပြင်ဆင်နေတာရှိသလို တချို့ တောင်သူတွေကတော့ လုံးဝပြန်လည်စိုက် ပျိုးနိုင်တာ မရှိတော့တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။
ဘီးလင်းမြို့နယ်ဟာ မိုးစပါးစိုက်ပျိုးမှုအနေနဲ့ ဧကပေါင်းကိုးသောင်းကျော်ရှိပြီး နှစ်စဉ်နီးပါး ရေကြီးနစ်မြုပ်မှုဒဏ်ကိုခံရကာ မိုးစပါးပျက်စီး ဆုံးရှုံးမှုတွေလည်းရှိတယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ