“အားလုံးက ရိက္ခာအတွက် အများကြီး ဝယ်ထားကြတာ မရှိဘူး။ ပြေးနေရတယ်ဆိုတော့ ဒီဘက်မှာလည်း ဝယ်မယ့်ဆိုင်တွေမရှိတော့ ဘာမှလည်း ဝယ်လို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့အတွက်တော့ စစ်ဘေးရှောင်ရော ရေဘေးရော အားလုံးအတွက်တော့ အခက်တော်တော်လေးတွေ့နေတယ်” – ကိုဖြိုး (တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တနင်္သာရီမြို့နယ်မှာ မိုးကြီးပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် လုပ်ခံထားရတဲ့ အဲဒီမြို့နယ်မှာ တပူပေါ်နှစ်ပူဆင့်ဆိုသလို ရေကြီးမှုကနေ စားနပ်ရိက္ခာပြတ်လပ်မှုကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီလို စစ်ဘေးဒဏ်ရော ရေဘေးဒဏ်ပါ ကြုံနေရတဲ့ဒေသမှာ ကူညီကယ်ဆယ်ရေးတွေကို ဘယ်လိုမျိုးလုပ်ဆောင်နေပါသလဲ။ ဒေသခံပြည်သူတွေကို ကူညီထောက်ပံ့တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ နောက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ၊ မြေမြှုပ်မိုင်းအန္တရာယ်ကို ရင်ဆိုင်နေရတဲ့အခြေအနေတွေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စတဲ့အကြောင်းအရာတွေကို သံလွင်တိုင်းမ်က တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူ ကိုဖြိုးနဲ့ အခုလိုပဲ မေးကြည့်ထားပါတယ်။

မေး – အရင်ဦးဆုံးအနေနဲ့ တနင်္သာရီမြို့နယ်ရဲ့ ရေဘေးနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။

ဖြေ – တစ်မြို့နယ်လုံး ခြုံပြီး ကြည့်မယ်ဆိုရင်တော့ အားလုံးကတော့ ရေဘေးသင့်နေတယ်။ အားလုံးကတော့ ဒုက္ခရောက်နေတယ်ပေါ့နော်။ ကျွန်တော်တို့ဒါ ဇုန် (၁) ဇုန် (၂) နဲ့ ခွဲပြီးပြောမယ်ဆိုတော့ ကျွန်တော်တို့ ဇုန် (၂) ဘက်မှာ ဘာဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ လယ်သစ် အရှေ့ အနောက်၊ သာရဖုံ၊ ပဝပေါ့နော် အဓိကတော့ ရေဘေးရော စစ်ဘေးရောသင့်နေတယ်။

အခုလောလောဆယ် စစ်ကြောင်းကလည်း တအားထိုးနေတယ်ဆိုတော့။ လယ်သစ် အရှေ့နဲ့အနောက်၊ အနောက် သာရဖုံ သုံးရွာပေါ့နော် စစ်ကြောင်းထိုးနေတယ်ဆိုတော့ ရေဘေးရော စစ်ဘေးရော အခက်တွေ့နေတယ်ပေါ့နော်။

မေး – အခုလို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် ရေဘေးရော စစ်ဘေးရော ပူးတွဲကြုံတွေ့နေရတဲ့အပေါ်မှာ အကိုတို့ တွဲလက်ညီညီအဖွဲ့ကနေ ကူညီပေးနေတဲ့ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ – အခုလောလောတော့ ကျွန်တော်တို့ ဒီလထဲမှာပေါ့နော်။ ကျွန်တော်တို့ အလှူရှင် (Donor) အဖွဲ့ကနေ ပေးတာလည်း မရှိဘူးဆိုတော့ အခုကျွန်တော်တို့ အရံရိက္ခာကို အရံရိက္ခာ ထားထားတယ်။ အရံရိက္ခာထားထားတာ ဒီဘက်မှာ အခုကျွန်တော်တို့ လယ်သစ် အရှေ့အနောက်၊ သာရဖုံ၊ ပဝ အားလုံးကို ရေဘေးရော စစ်ဘေးရော အားလုံးကို အခက်တွေ့နေတယ်ဆိုတော့ ကျွန်တော်တို့မှာ ထားထားတဲ့ အရံရိက္ခာ အားလုံးကို ပေးလိုက်ပါတယ်။

ကျွန်တော်တို့မှာ အခုပေါ့နော် ဘယ်လိုပြောမလဲ အရံရိက္ခာပေးလိုက်တာက လောက်တဲ့အထဲမှာတော့ ဘယ်လိုပြောမလဲ နည်းနည်းနဲ့ အားလုံးကိုရအောင်တော့ ကျွန်တော်တို့လုပ်လိုက်တယ်။ အခု ကျွန်တော်တို့မှာ အရံရိက္ခာတော့မရှိဘူး။ အရံရိက္ခာထားထားတာ အားလုံးကို ပေးလိုက်တယ်။ အလှူရှင် (Donor) အဖွဲ့တွေကလည်း အခုလောလောဆယ်တော့ ဒီဘက်ကိုတော့ တစ်ဖွဲ့ထဲတော့ ကျွန်တော်တို့ မချိတ်ပေးရဘူးပေါ့နော်။

မေး – အခုလို ရေဘေးသင့် ပြည်သူတွေကို ကူညီတဲ့အခါမှာရော ဘယ်လို အခက်အခဲနဲ့ ကြုံတွေ့ရလဲ။

ဖြေ – အခက်အခဲတွေ့တာကတော့ ကျွန်တော်တို့ ဘယ်လိုပြောရမလဲ။ နေတာကတော အားလုံးကို ပြန့်ကျဲနေကြတယ်ပေါ့နော်။ တစ်နေရာတစ်နေရာ နေနေကြတာ။ အဝေးကြီးတွေ လိုက်နေကြတယ်။ အုပ်စု အုပ်စုနဲ့ အဲဒါဆိုတော့ ကျွန်တော်တို့မှာ ရွာတိုင်းမှာ ရွာတိုင်းကို ကျွန်တော်တို့က ရိက္ခာလိုက်ပို့ပေးတယ်ဆိုတော့ ရွာတိုင်းမှာရှိတဲ့ လူတွေ အားလုံးကိုခေါ်စုပြီး ပေးနေရတယ်ပေါ့နော်။

အရင်က ကျွန်တော်တို့က ရေဘေးမပါဘဲ စစ်ဘေးသက်သက်ဆိုရင် ဒီနေရာမှာ ဒီနေရာမှာ လာယူလိုက်ဆိုရင် ကျွန်တော်တို့က လုပ်လို့ရတယ်ပေါ့နော်။ အခုက ကျွန်တော်တို့က သူတို့ရှိနေတဲ့ နေရာတိုင်းကို အရောက်သွားပြီး လိုက်ပေးရတယ်။ ပြီးတော့ ကျွန်တော်တို့မှာ အခက်အခဲရှိတာကတော့ မိုးထဲလေထဲမှာဆိုတော့ ကျွန်တော်တို့ သွားပေးတဲ့ လူတွေအတွက်လည်း အခက်အခဲဖြစ်တယ်ပေါ့နော်။

မေး – ဖြတ်လေးဖြတ် လုပ်ခံထားရတဲ့အပေါ်မှာ အခုလို ရေဘေးနဲ့ စစ်ဘေးကိုပါ ပူးတွဲကြုံတွေ့လာတဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက်အခြေအနေတွေ ဘယ်လိုရှိလဲ။ ဘာတွေကြုံတွေ့နေရလဲ။

ဖြေ – အခုလောလောတော့ ကျွန်တော်တို့မှာ ပူးတွဲဖြစ်တယ်ဆိုတော့ အဓိကတော့ စားဝတ်နေရေးက အဓိကဖြင့် ပိုပြီးဖြစ်ကြတယ်ပေါ့။ အခုက ကျွန်တော်တို့က ဘာတစ်ခုသွားဖြစ်လဲဆိုတော့ ကျွန်တော်တို့က ပူးတွဲ အရင်တုန်းကဆိုရင်တော့ အသိမိတ်ဆွေ စစ်ဖြစ်တော့ အသိမိတ်ဆွေအိမ်မှာ လိုက်နေတာတို့ ဒါမျိုးတွေပဲလေ။

အခုက စစ်ဘေးရော ရေဘေးရော နှစ်မျိုးလုံးဆိုတော့ ကျွန်တော်တို့ ပြေးလာရတဲ့လူတွေက အိမ်တွေမှာ လိုက်နေလို့ မရတော့ တောတွေထဲမှာပါ လိုက်နေရတယ်ဆိုတော့ ကျွန်တော်တို့မှာ ဘာတစ်ခု အခက်အခဲသွားဖြစ်လဲဆိုတော့ တဲထိုးပြီးတော့ လုပ်နိုင်တဲ့အမိုးဆို တာလဘာ (မိုးကာ) လုံလောက်မှုမရှိဘူးလေ။

ပြီးတော့ ကျွန်တော်တို့ အမိုးအကာတွေ လုံလောက်မှု မရှိဘူးဖြစ်နေတယ်။ ပြီးတော့ အားလုံးကိုတော့ ဒီမှာတော့ နေတာ ကြာလာပြီးဆိုတော့ အားလုံးက ရိက္ခာအတွက် အများကြီး ဝယ်ထားကြတာ မရှိဘူး။ ပြေးနေရတယ်ဆိုတော့ ဒီဘက်မှာလည်း ဝယ်မယ့်ဆိုင်တွေမရှိတော့ ဘာမှလည်း ဝယ်လို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့အတွက်တော့ စစ်ဘေးရှောင်ရော ရေဘေးရော အားလုံးအတွက်တော့ အခက်တော်တော်လေးတွေ့တယ်ပေါ့နော်။

ကုန်ဈေးနှုန်းကလည်း အခု ဇက်ခနည်း ထိုးတက်သွားတယ်ဆိုတော့ ပိုပြီးတော့ ဒုက္ခတွေ ဖြစ်နေတယ်ပေါ့။

မေး – အခုနောက်ပိုင်းဆိုရင် တနင်္သာရီမြို့နယ်မှာ စစ်လက်နက်ပစ္စည်းဖြစ်တဲ့ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ – အဓိကတော့ သူတို့က ဘယ်လိုပြောမလဲ။ အဌားလုပ်တဲ့ ဥယျာဉ်တွေမှာ ကိုယ်ပိုင်တောတွေမှာ အဌားလုပ်တဲ့ လူတွေပေါ့နော်။ အဲဒီလိုလူတွေဆို ကျွန်တော်တို့ သူတို့က စကစ ကဝင် ဝင်ပြီးတော့ ထောင်ထားတယ်။ အလုပ်သမားတွေက ဥယျာဉ်ထဲပြန်ဝင်တာဆို သူတို့ကလည်း နားမလည်တာနဲ့ အဲဒီလိုတွေဖြစ်တယ်ပေါ့။ အဲဒါကတော့ အများကြီးတော့ မဟုတ်ပါဘူး။

မေး – နောက်ဆုံးအနေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေက ဘယ်လောက်ထိ ဆိုးရွားနေလဲ။

ဖြေ – အခု ကျွန်တော်တို့ဘက်မှာ ဘာတွေဆိုးဝါးနေလဲဆိုရင် အခုလောလောဆယ် စစ်ကြောင်းထိုးလာပြီဆိုရင် ကျွန်တော်တို့မှာ အိမ်တွေ မီးရှို့လိုက်တဲ့အဆင့် ဖြစ်တယ်။ ပြီးတော့ လှေနဲ့ ဥယျာဉ်ထဲက နှစ်ယောက်သုံးယောက်ပေါ့နော်။ သူတို့ထွက်ပြေးလာပြီး ရိက္ခာနည်းနည်းပြတ်လို့ ရိက္ခာပြန်သွားယူတာ။ အဲဒါလှေထဲမှာ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ထားတဲ့ အနေအထားတွေရှိနေတယ်ပေါ့။

သူတို့ကလည်း မဆုတ်သေးဘူး။ အင်အားက ထပ်တိုးထပ်တိုးနဲ့ ဒါသာရဖုံနဲ့ ပဝ ဘက်ကိုပေါ့နော်။ အဓိကတော့ သူတို့က အင်အား ထပ်တိုးထပ်တိုးပြီးတော့ လုပ်နေတယ်။ ပြီးတော့ လေယာဉ်တွေနဲ့ အသုံးပြုတယ်။ ပြီးတော့ ကျွန်တော်တို့ဘက်ကို သင်္ဘောတွေနဲ့လည်း အသုံးပြုလာတယ်ပေါ့နော်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.