“စစ်တိုင်းဌာနချုပ် ၁၄ ခုမှာ စစ်အင်္ဂါစဉ်က တတိယမြောက်တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။ ဒီတိုင်းစစ်ဌာနချုပ် ကျသွားတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အမြစ်ဖြုတ်ချင်တဲ့ နိဒါန်းရဲ့အစလို့ပြောလို့ရမယ်” – CDM ဗိုလ်ကြီး ဇင်ယော်

ယခင်က တရုတ်ဖြူ ကူမင်တန်ကျုးကျော်စစ်၊ ဗကပ ကျုးကျော်စစ်တို့ကို တန်ပြန်နိုင်ခဲ့လို့ စစ်တပ်က အမြဲဂုဏ်ယူနေတဲ့ လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဟာ အခုဆို ကိုးကန့်တပ် MNDAA လက်ထဲ ကျဆုံးကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်လာခံလာတာ တွေ့ရပါတယ်။

ဒီလိုမျိုး တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီလက်ထက်မှာမှ ကျဆုံးခဲ့ရတာ ဘာသဘောကို ဆောင်ပါသလဲ။ ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်မလဲ။ စစ်ကောင်စီတပ်ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ အမိန့်ပေး ကွပ်ကဲမှုစနစ်တွေအကြောင်းတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရှေ့ဆက်အလားအလာတွေအကြောင်း စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။

မေး – ဒီလိုမျိုး သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံး စစ်ကောင်စီလက်ထက်မှာ ကျဆုံးခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ – နေဝင်းနီလို့ ခေါ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က စစ်တိုင်း ၁၄ တိုင်းမှာ စစ်အတိုက်ရဆုံးတိုင်းတွေထဲ ပါဝင်တယ်။ မင်းအောင်လှိုင်လက်ထက်မှာ စစ်ဌာနချုပ်ကြီးတစ်ခုလုံး ကျဆုံးခဲ့တာပေါ့။

၁၀၂၇ ပထမအဆင့်ပြီးတော့ စကစက လားရှိုးကို မဟာမိတ်ညီနောင်တွေ လာတိုက်မယ်ဆိုတာ သူတို့သိတယ်။ တိုက်စရာ လားရှိုးပဲရှိတယ်။ သူတို့မှာ ပြင်ဆင်ချိန် လေးလ ရတယ်။ သူတို့မပြင်ဆင်နိုင်ခဲ့ဘူး။ စစ်အင်အားဖြည့်တင်းမှုလည်းမရှိဘူး။ ခံစစ်ပြင်မထားဘူး။

ခံစစ်ပြင်ဖို့ အချိန်လေးလရတယ်။ လေးလအတွင်းမှာ မဟာမိတ်ညီနောင်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်မယ်။ ပစ်ရင် ဘန်ကာတွေဆောက်ဖို့ အချိန်အများကြီးရတယ်။ မဆောက်ခဲ့ဘူး။ အဲဒီမှာ သေရောပဲ။ ဘာမှကို ခံစစ်ပြင်မထားတာ။

နောက်အချက်က ရမခ ကိုသွားမယ်ဆိုတဲ့ တပ်စုမှူး၊ တပ်ခွဲမှူး၊တပ်ရင်းမှူး အဆင့်လောက်က ဂွင်ဖန်မယ်ပဲ။ ပြည်သူ့စစ်တွေနဲ့ ပေါင်းမယ် ပိုက်ဆံရှာမယ်။ ဒါပဲမှောင်ခိုလုပ်လို့ရတာ အကုန်လုပ်တယ်။ စစ်တိုက်မယ့်အလုပ်ကို သူတို့အလုပ်မလုပ်တော့ဘူး။

ကျွန်တော်တို့ ဒရုန်းတပ်ရင်း ၆၀၆ မှာ နည်းပညာမြင့် ဒရုန်းတွေ တွေ့တယ်။ မသုံးဘူး။ မသုံးတတ်တာလည်း ပါမယ်။ သုံးလို့ ဖြစ်ရင် လျော်ရမှာစိုးလို့လည်း ပါမယ်။ ထုတ်ပေးထားတဲ့ စစ်လက်နက်ပစ္စည်းကိုလည်း အသုံးချဖို့ အာရုံမရဘူး။ စီးပွားရေးစိတ်ကိုပဲ ရောက်နေတယ်။

တကယ်တိုက်လာတဲ့ ခေတ်သစ်စစ်ပွဲ၊ ကိုးကန့်တပ်တွေနဲ့ မဟာမိတ်တွေရဲ့ စစ်နည်းဗျူဟာအောက်မှာ ဒီတစ်လအတွင်းမှာပဲ ရမခက ကျဆုံးသွားရခြင်းပဲ ဖြစ်ပါတယ်။

မေး – သတင်းတွေအရ ရမခ တိုင်းမှူးဟောင်းအပါအဝင် တပ်အရာရှိ သုံးဦး အရှင်အဖမ်းခံထားရတယ်။ နောက် စစ်ကောင်စီ တပ်မိသားစုဝင်အယောက် ၄၇၀၀ ကျော် လက်နက်ချအညံ့ခံတယ်လို့လည်း သိရတယ်။ ဒီလိုမျိုး အခြေအနေတွေအရ Standard Army လို့ ပြောနေတဲ့ စစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်အပေါ် မေးခွန်းထုတ်စရာများ ရှိနေမလား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ – ထောင်ချီတဲ့ မိသားစုဝင်တွေရော စစ်သည်တွေရော ပါတယ်။ ဗိုလ်ချုပ်လယ်ဗယ်သုံးယောက် ပါတယ်။ ဒီ ၄၇၀၀ ကလည်း ဗိုလ်ချုပ်တွေကို ကာကွယ်ပေးလိုစိတ်မရှိတော့ဘူး။ အဓိက စစ်တပ်မှာဖြစ်သွားတာ အဲဒါပဲ။ ဒီဗိုလ်ချုပ်သုံးယောက်က ဒီလူ ၄၇၀၀ မှာ စစ်တိုက်နိုင်တာ တစ်ထောင်တော့ရှိရမယ်။ လက်နက်လည်း မရှိစရာ အကြောင်းမရှိဘူး။

ဘေးမှာ စစ်လက်နက်ပစ္စည်းတပ်ခွဲရှိတယ်။ လက်နက်ခဲယမ်းတွေလည်း ရှိတယ်။ ခဲယမ်းမလောက်လို့ ဆိုတာလည်း မဟုတ်ဘူး။ ဒီစစ်ဗိုလ်တွေ ကိုယ်တိုင်က ကျန်တဲ့တပ်သားတွေကို ကွပ်ကဲပြီး မတိုက်နိုင်တာ ပါတယ်။

အောက်ခြေစစ်သား တပ်ဖွဲ့ဝင်ပေါင်းများစွာကလည်း သူတို့ရဲ့မိသားစုဝင်တွေကိုတောင် မကာကွယ်ပေးနိုင်ဘူး။ ကာကွယ်ပေးမှာ မဟုတ်ဘူး။ သူတို့ကတောင် ဖမ်းပြီးစစ်မတိုက်ရင် ပြီးရောဆိုတဲ့ ဒီစစ်ဗိုလ်ချုပ်သုံးယောက်ကို အပ်လာမယ့်အနေအထားမျိုးတောင် တွေ့ရတယ်။

Standard Army ကြီးက သူ့ဘာသာ ရေငုပ်သင်္ဘောတွေဝယ်တယ်။ စစ်လက်နက်ပစ္စည်းတွေဝယ်တယ်။ အောက်ခြေက တကယ်တိုက်နေတဲ့သူတွေဆီ မရောက်ဘူး။ မင်းတို့ အသေခံ တိုက်ခိုင်းတာ။ ဒီလိုဖြစ်လာတော့ အောက်ခြေစစ်သားတွေက တိုက်ချင်စိတ်မရှိတော့ ဒီ Standard Army ကြီးက ကျဆုံးရတာပဲ။ လက်နက်ချအညံ့ခံရတဲ့အဆင့်ရောက်သွားတာလို့ တကယ်ကိုပြောရမှာပဲ။

စစ်အင်အား ဘယ်လောက်ရှိရှိ တိုက်ချင်စိတ်မရှိရင် သွားပြီ။ ဒီစစ်ဗိုလ်သုံးယောက် ထောင်ကျော်တဲ့ စစ်သည်အင်အားကို အသုံးချလို့ရတယ်။ ဒါပေမယ့် အောက်ခြေစစ်သည် မိသားစုတွေ ပါမလာဘူး။ ပါမလာတော့ သူတို့အဖမ်းခံလိုက်ရတယ်။ ဒါပါပဲ။ ဒီ Standard Army က အပေါ်ယံ ရုပ်ပြပဲ။

မေး – စစ်တပ်မှာ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတဲ့အနက် လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်က ပထမဆုံး ကျဆုံးမှုဖြစ်တာကြောင့် ဒီကျဆုံးမှုဟာ တော်လှန်ရေးအင်အားစုတစ်ခုလုံးက အမြစ်ဖြုတ်ချင်နေတဲ့ စစ်တပ်ရဲ့ အာဏာရှင်စနစ်ကြီးပြိုလဲဖို့ နိဒါန်းဖြစ်နေမလား၊ သုံးသပ်ပေးပါဦး။

ဖြေ – စစ်တိုင်းဌာနချုပ် ၁၄ ခုမှာ စစ်အင်္ဂါစဉ်က တတိယမြောက်တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။ ဒီတိုင်းစစ်ဌာနချုပ် ကျသွားတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အမြစ်ဖြုတ်ချင်တဲ့ နိဒါန်းရဲ့အစလို့ပြောလို့ရမယ်။ လေနဲ့တိုက်ရင် လေပဲရမယ်။ တကယ်တိုက်ရင် တကယ်ရမယ်။

တချို့ကလည်း ကျူးကျော်စစ်လိုလို စကစကပဲ တရုတ်ကိုအကူအညီတောင်းနေသလို တရုတ်ကျူးကျော်စစ်ဆိုပြီး ပြောနေကြတာ။ တကယ်တမ်းက အရှုပ်ပေါ့။ အရှုပ်ထဲမှာ ရှင်းအောင် နေလို့မရဘူး။ ကျန်တဲ့တော်လှန်ရေးသမားတွေ ကြောင်တောင်တောင်ပြောတဲ့သူတွေလည်း ရှိတယ်။ ဒီတော်လှန်ရေး အစမှာအားလုံးက အသက်တွေ သွေးတွေချွေးတွေနဲ့ ပါလာတာ။

ပြည်သူ့ထောက်ခံမှု တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာလည်း ပညာတတ်လူငယ်တွေ စိတ်ဓာတ်ကြီးတဲ့သူတွေ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်မှရမယ်။ ဒီစိတ်နဲ့သွားနေတာ။ ဒီစိတ်နဲ့သွားလို့ တော်လှန်ရေးက နိဒါန်းအစကို ရောက်လာတာ။ ဒါကကျူးကျော်စစ်လားဆိုပြီး အရှုပ်ထဲမှာ ရှင်းအောင်နေလို့ မရဘူး။ အရှုပ်ထဲမှာ ရှင်းအောင်နေမယ်ဆိုတာ လူညာပဲ။

မေး – အခုဆို လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်ကြီးလည်း MNDAA လက်ထဲ နိဂုံးချုပ်သွားပြီဆိုတော့ ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ နောက်ထပ် စစ်ကောင်စီတပ်စခန်းတွေရှိတဲ့ မြို့တွေ ဌာနချုပ်တွေကို စစ်ဆင်ရေးလုပ်လာနိုင်မလဲ။ (ဥပမာ – မူဆယ်၊ ပြင်ဦးလွင် စသဖြင့်ပေါ့)

ဖြေ – မန္တလေးတိုင်းထဲကနေ စစ်ကိုင်းတိုင်းထဲ ဝင်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ စစ်ကိုင်းတိုင်းထဲကနေ အညာမြေဆီဖောက်သွားတာလည်း ဖြစ်နိုင်တယ်။ စစ်ကောင်စီကလည်း လားရှိုးပတ်ဝန်းကျင်ကို ရှမ်းတောင်ကနေ လာဖို့ လမ်းတွေဖောက်နေတာ ရှိတယ်။ ဖောက်တဲ့လမ်းအတိုင်းပဲ ရှမ်းမြောက်စစ်ဆင်ရေးက ရှမ်းတောင်မှသည် ကရင်နီဘက်ကို စီးဆင်းသွားမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ စစ်ဆင်ရေး ဆက်လုပ်မှာပါ။

မေး – စစ်ကောင်စီဘက်ကရော နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မကျရေး လားရှိုးနဲ့ နီးစပ်တဲ့ အလယ်ပိုင်းတိုင်းတို့ နေပြည်တော်တို့လို တိုင်းစစ်ဌာနချုပ်တွေမှာ အင်အားအလုံးအရင်းတိုးပြီး ခံစစ်တွေ သေသေချာချာ ပြင်ဆင်လာနိုင်မယ့် သဘော ရှိနိုင်မလား။ သုံးသပ်ပေးပါဦး။

ဖြေ – ရမခကျအပြီး စစ်တပ်မြို့လို့ ပြောတဲ့ ပြင်ဦးလွင်ကို စစ်တပ်က ခံစစ်တွေ ပြင်နေပါပြီ။ ရမခကို နမူနာယူပြီးတော့ ခံစစ်ပြင်တာတွေ လုပ်လာနိုင်တယ်။ အကောင်းဆုံးခံစစ်သည် တိုက်စစ်လို့ ပြောတဲ့အတိုင်း စစ်ကောင်စီက လားရှိုးကို စိတ်လျော့လိုက်တော့မယ်။

အခုနောင်ချို၊ ကျောက်မဲ တန်ပြန်တိုက်စစ် တိုက်နေတယ်။ ခံစစ် စစ်ကြောင်းတွေ လုပ်နေတာရှိတယ်။ ပြင်ဦးလွင်မကျအောင် သူတို့တွေ ရအောင်ကာမယ့် အနေအထားမျိုးတွေ မြင်နေရတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.