A clerk poses with US dollar banknotes at a money changer in Jakarta on May 2, 2024. (Photo by ADEK BERRY / AFP) (Photo by ADEK BERRY/AFP via Getty Images)

မော်လမြိုင် ၊ သြဂုတ် ၁

အမြင့်ဈေးမှာပဲ ဆက်ရှိနေတဲ့ ပြည်တွင်းဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်းဟာ ဇူလိုင်လကုန်မှာ သမိုင်းတလျှောက် တစ်ခါမှမဖြစ်ဖူးတဲ့ စံချိန်တင်ဈေးနှုန်းတွေအထိ ဆက်တိုက်မြင့်တက်လာတယ်လို့ နိုင်ငံ ခြား ငွေကြေးဈေးကွက်ကနေ သိရပါတယ်။

ဇူလိုင်လအစက တစ်ဒေါ်လာလျှင် ကျပ် ၄၅၀၀ သာရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ကျပ် ၅၄၀၀ ဝန်းကျင်အထိ ဈေးနှုန်းထိုးတက်လာတာ ဖြစ်ပါတယ်။

အလားတူ ထိုင်းဘတ်ငွေဈေးကလည်း တစ်ဘတ်လျှင် ကျပ် ၁၂၀ ဝန်းကျင်ကနေ ကျပ် ၁၅၀ နီးပါးအထိ ဈေးနှုန်းဆက်လက်မြင့်တက်လာပြီး တခြားနိုင်ငံခြားငွေကြေးတွေလည်း ဈေးနှုန်းအဆမတန် မြင့်တက်နေတာပါ။

နိုင်ငံခြားငွေကြေးတွေဟာ မြန်မာငွေတန်ဖိုးဆက်တိုက် ကျဆင်းလာတာ၊ ပြည်တွင်းမှာ ရွှေနဲ့ဒေါ် လာ ဝယ်ယူစုဆောင်းသူ များပြားလာတာ၊ စီးပွားရေးထိုးကျလာတာ၊ နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် ဆက်လက်မြင့်တက်နေပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ နိုင်ငံခြားငွေကြေး အဆမတန်မြင့်တက်လာရတာဟာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုနဲ့အတူ ဘဏ်တွေအပေါ် ပြည်သူလူထု ယုံကြည်မှုကျဆင်းလာပြီးနောက် ရွှေနဲ့ဒေါ်လာဝယ်ယူစုဆောင်းမှုကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ ဒီနိုင်ငံရေးကြောင့်လို့ သုံးသပ်တယ်။ ဘာလို့လဲဆိုတော့ အဓိကနိုင်ငံရေးနဲ့ ဆက်စပ်တဲ့ ဟာတွေပေါ့။ စစ်ရှောင်တွေက တအားများလာတယ်။ ဒီဘက်တွေကို ပြေးလာကြတယ်။ ပါလာတဲ့ ငွေကြေးဟာ ဘာမှဒီမှာ ရင်းနှီးလုပ်ကိုင်မရဘူး။ မရတော့ အဲဒီဟာက ဒီရိုးရိုးလည်ပတ်တဲ့ ငွေထဲမှာပဲ ပါသွားတယ်။ ပါသွားတဲ့ အဲဒီငွေတွေဟာ အခုက ဘဏ်ထဲမထားရဲတော့ဘူး။ တခြားရင်းနှီးမြှုပ်နှံရမယ့် ဧရိယာလည်းမရှိ၊ နိုင်ငံကမတည်ငြိမ်ဆိုတော့ အဲဒီကနေ ဒေါ်လာတို့ ရွှေတို့ဘက်ကို ဝင်သွားတယ်လို့ အဲဒီလိုတွက်ရတော့မယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပို့ကုန်တင်ပို့လို့ မရတာ၊ နိုင်ငံခြားငွေ ဝင်ရောက်မှု မရှိသလောက် နည်းပါးနေတာ၊ မြန်မာငွေတန်ဖိုး ဆက်လက်ကျဆင်းနေတဲ့အတွက် နိုင်ငံ ခြားငွေဈေးတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

နိုင်ငံခြားငွေကြေးတန်ဖိုး အဆမတန်မြင့်တက်လာတာဟာ စစ်ကောင်စီဘက်က ဘဏ်တွေကို အ ရေးယူတာ၊ ဝန်ထမ်းတွေနဲ့ အငြိမ်းစာဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးပေးတာ၊ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူတွေစတင်ဖြန့်နေပြီဆိုတဲ့ သတင်းတွေကြောင့် သုံးသပ်တာတွေ ရှိနေပြန်ပါတယ်။

နိုင်ငံခြားငွေကြေးတွေ ဆက်လက်မြင့်တက်လာတဲ့အတွက် ဒေသတွင်းမှာ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်းအမျိုးမျိုး ဈေးနှုန်းအဆမတန် မြင့်တက်လာတဲ့ဒဏ်ကို ပြည်သူတွေထပ်မံခံစားနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.