ဘားအံ၊ သြဂုတ် ၁

ကရင်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုကာလအတွင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃၀၀၀၀ နီးပါး ရေဘေးသင့်စခန်းဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ ပြည်နယ်စစ်ကောင်စီနဲ့ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမြို့ပေါ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သောင်းရင်းမြစ်ရေ အရှိန်အဟုန်နဲ့ တိုးလာနေတဲ့အတွက် ၃ ရက်ခန့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ရေကြီးမှုအတွင်း ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရသလို နေအိမ်အများအပြား နစ်မြုပ်ခဲ့ရပါတယ်။

မြဝတီမြို့ သောင်ရင်းမြစ်ရေကြီးမှုအတွင်း ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားခဲ့ရပြီး အိမ်ထောင်စုပေါင်း ၁၄၃၇ စု၊ လူဦးရေထောင်ချီ ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိခိုလှုံနေထိုင်နေရကာ ဇူလိုင် ၂၇ ရက်နေ့မှာ သောင်ရင်းမြစ်ရေ ပြန်လည်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့မှာ ဟောင်သရောမြစ်ရေကြီးကာလအတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခုအချိန်မှာ ကျိုက်ဒုံမြို့ထဲမှာ ရေပြန်လည်ကျဆင်းသွားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘားအံမြို့မှာတော့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတဲ့ သံလွင်မြစ်ရေဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ရေပြန်လည်ကျဆင်းသွားခဲပေမယ့် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် ကျဆင်းလာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ဘားအံမြို့နယ် ရေကြီးရေလျှံမှုအတွင်း ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၈၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိနေထိုင်နေရကာ သောက်ရေသန့် ၊ အစားအသောက်စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ရေကြီးမှုကြောင့် ဘားအံ၊ မြဝတီ၊ ကျိုက်ဒုံ၊ လှိုင်းဘွဲ၊ ကမမောင်း၊ ပိုင်ကျုံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ကျုံဒိုး စတဲ့မြို့တွေမှာ ရေဘေးဒဏ်ကြုံဆုံနေခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆၀ ဖွင့်လှစ်ထားခဲ့ရကာ ပြည်သူ ၂၈၀၀၀ ကျော် ရောက်ရှိခိုလှုံနေထိုင်နေရတယ်လို့ သိရပါတယ်။

အထွေထွေကုန်ဈေးနှုန်းကြီးမြင့်နေပြီး စစ်ဘေးဒဏ်ပါကြုံနေရတဲ့အချိန် ရေကြီးရေလျှံမှုတွေကြောင့် ကရင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအများအပြားမှာ လူမှုစီးပွားအခက်အခဲ၊ ကျန်းမာ ရေးအခက်အခဲနဲ့ သွားလာရေးအခက်အခဲစတဲ့ အခက်အခဲတွေများစွာနဲ့ ကြုံဆုံနေရတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.