နေပြည်တော်၊ ဇူလိုင် ၁၇
နေပြည်တော်က အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရပြီး လေတပ်အရာရှိ ၄ ဦး အပါအဝင် ၁၆ ဦး သေဆုံးခဲ့တယ်လို့ တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့ (MKCDF) က ဇူလိုင် ၁၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၆ ရက် မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်း အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့်ပစ်ခတ်ခဲ့ရာ ၅ လုံးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၄ ဦးနဲ့ အခြားအဆင့် ၁၂ ဦး သေဆုံးခဲ့ပြီး လေတပ်အတွင်းရှိ အဆောက်အအုံ ၄ လုံး၊ လက်နက်ခဲယမ်းတိုက် ၁ လုံး၊ လေယာဉ်ပြုပြင်ရေး အပိုပစ္စည်းဂိုဒေါင်ရုံတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ MKCDF က ဆိုထားပါတယ်။

ဒါ့အပြင် လေတပ်အရာရှိ ၃ ဦးနဲ့ အခြားအဆင့် ၇ ဦးလည်း ပျောက်ဆုံးနေပြီး အေလာလေတပ်အတွင်းရှိ လေယာဉ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အေလာလေတပ်ဟာ စစ်ကောင်စီက ကရင်နီဒေသနဲ့ ကရင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့ကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ အဆင့်မြင့်လေတပ်ဖြစ်သလို စစ်ဗိုလ်ချုပ်တွေ ပြည်ပထွက်တဲ့ လေဆိပ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အေလာလေတပ်တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF)၊ Mercury Revolution Force (MRF)နဲ့ Brave Warrior For Myanmar (MWM) အဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပြီး ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MKCDF