ကျိုက်ထို၊ ဇူလိုင် ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်ထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရာကနေ အမှတ် ၁ ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် သစ်စက်ဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် ဝိုင်းဆရာဦးဇော်အောင်နဲ့ အ သက် ၂၀ အရွယ် သစ်စက်လုပ်သား ကိုဟိန်းဝေအောင်တို့ဟာ ရင်ဘတ်၊ ပေါင်နဲ့ လက်တွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိမှုမှာ ဦးဇော်အောင်ဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ပဲခူးဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ဒီလက်နက်ကြီး ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လုပ်ဆောင်တာလို့ စစ်တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့်ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ကျိုက်ထိုအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်နက်ကြီး ပစ် ခတ်မှုကို စစ်ကောင်စီဘက်က ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ အာဏာသိမ်းစစ်ကောင်စီဟာ အခုနှစ်ဆန်းပိုင်းကစပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးတာ တွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကလည်း ကျိူက်ထိုမြို့နယ် ဌက်ပျောတောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ် သား ၇၂ ဦး သေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.