မြဝတီ၊ ဇူလိုင် ၁၈

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ တောင်ပေါ်လမ်းတစ်လမ်းဖြစ်တဲ့ မြဝတီ- ထို့ကော်ကိုးလမ်းကို သုံးရက်ကြာပိတ်ပင်သွားမယ်လို့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ ထိန်းချုပ်ထားတဲ့ မြဝတီ-ထို့ကော်ကိုးလမ်းကို ဇူလိုင် ၁၈ ရက်နေ့ကနေ ၂၀ ရက်အထိ သုံးရက်တိုင် ခေတ္တပိတ်ပင်သွားမှာဖြစ်ပြီး ပိတ်ပင်ထားတဲ့ရက်တွေအတွင်း ဘယ်ယာဉ်မဆို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြဝတီ- ထို့ကော်ကိုးလမ်းပိုင်းကို ပိတ်ပင်ထားရတာဟာ လမ်းပိုင်းပြုပြင်ဖို့အတွက် ဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့က ဆိုပါတယ်။

စစ်ရေးအခြေအနေကြောင့် အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပိတ်ထားခဲ့ရတဲ့နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးနဲ့ သွားလာရေးအတွက် KNU/KNLA PC အဖွဲ့က ထိန်းချုပ်ထားတဲ့ ထို့ကော်ကိုးလမ်း၊ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ကြက်ဥတောင်(သေ့ကတေ) လမ်း၊ ၁၀၁၈ တောင်ပေါ်လမ်းတွေကို သွားလာအသုံးပြုနေခဲ့ရတာပါ။

နောက်ပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြေပြိုမှုဖြစ်စဉ်တွေကြောင့် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ တောင်ပေါ်လမ်းတွေအားလုံး လမ်းမြေသားပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ယာဉ်တန်းအများအပြား ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ရသလို အဲဒီလမ်းပိုင်းတွေမှာ ရက် ပိုင်းအကြာ သွားလာခဲ့ရပြီး အခက်အခဲများစွာ ဖြစ်ပေါ်နေခဲ့ရတာ ဖြစ်ပါတယ်။

ထို့ကော်ကိုးအပါအဝင် မြဝတီ-ကော့ကရိတ်-ဘားအံ တောင်ပေါ်လမ်းတွေအားလုံး ပျက်စီးတာတွေကြောင့် နယ်စပ်မြို့ မြဝတီမြို့မှာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ဆန်အပါအဝင် စားသုံးကုန်အချို့ ပြတ်လတ်မှုတွေ ဖြစ် ပေါ်နေခဲ့ရပြီး ပြတ်လတ်နေတဲ့ စားသုံးကုန်တွေကို မြို့ခံပြည်သူတွေက ဈေးကြီးကြီးပေးပြီး ဝယ်ယူစားသုံးနေရတာဖြစ်ပါတယ်။

လတ်တလောမှာ ကော့ကရိတ်မြို့အနီးနဲ့ ကော့ကရိတ်မြောက်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.