သထုံ ၊ ဇူလိုင် ၁၈

မွန်ပြည်နယ် သထုံမြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်ကားလမ်းနဲ့ မော်လမြိုင်- ရန်ကုန်ရထားလမ်းပိုင်းတွေ မိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းပြိုကျပျက်စီးခဲ့သလို ရထားလမ်းပိုင်းပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်မှာရှိတဲ့ ကရင်လေးဆိပ်တံတားဟာ ဇူလိုင် ၁၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရှည် ၁၀ ပေ၊ အကျယ် ၅၄ ပေရှိတဲ့ တံ တားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာလည်း သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားက ရထားလမ်းပိုင်း မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် ရထားသံလမ်းသုံးပေကျော် ပြတ်တောက်ခဲ့တာပါ။

အဲဒီရထားလမ်း မိုင်းထောင်ဖောက်ခွဲခံရတဲ့အချိန်ဟာ ရထားသွားလာတဲ့ အချိန်ဖြစ်တာကြောင့် လူစီးရထားတွဲသုံးတွဲ လမ်းချော်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။

“ကရင်လေးဆိပ်တံတား ည ၁၀ နာရီလောက်မှာ မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားတာ။ အခုတော့ လမ်းကို မြေသားတွေဖို့လိုက်ပြီ။ ကားတွေကတော့ အလှည့်ကျစနစ်နဲ့ ပေးသွားနေတယ်။ ရထားလမ်းကတော့ ပြန်ပြင်နေပြီ။ ရထားလမ်းကတော့ တွဲလဲတာတွေ ဘာတွေတော့မရှိပါဘူး”လို့ သထုံဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတဲ့ ကရင်လေးဆိပ်တံတားဟာ ကနဦးမှာ ဖြတ်သန်းသွား လာလို့မရတဲ့အတွက် တံတားအနီးမှာ ကားအစီးရေရာနဲ့ချီပိတ်ဆို့ခဲ့ပေမယ့် နေ့လည်ပိုင်းလောက်မှာ ယာယီမြေဖို့လိုက်တာကြောင့် အလှည့်ကျစနစ်နဲ့ ပြန်လည်သွားလာနေကြတာပါ။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းကတော့ လမ်းချော်သွားတဲ့ ရထားတွဲတွေကို ရထားလမ်းပေါ် ပြန်တင်တာ၊ ပြတ်တောက်သွားတဲ့ လမ်းပိုင်းတွေကို ပြန်ပြင်တာတွေ လုပ်ဆောင်နေတာကြောင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

ကုန်တင်ယာဉ်မောင်းတစ်ဦးကတော့ လမ်းပိုင်းတွေ ဖျက်ဆီးခံရတဲ့အတွက် ကုန်စည်စီးဆင်းဖို့ အ ချိန်ကြန့်ကြာတာ၊ ကုန်စိမ်းသယ်ဆောင်ပို့ဆောင်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အချိန်ကြန့်ကြာမှုလည်း ဖြစ်တယ်။ ကုန်စိမ်းတွေအတွက်ဆိုရင်တော့ တော်တော်နစ်နာတယ်။ ကုန် သည်အပိုင်းရော၊ ကျွန်တော်တို့ ကားအပိုင်းရော တော်တော်ကိုနစ်နာတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ပုပ်သိုးသွားတဲ့အရာက ဘာမှလုပ်လို့ မရတော့ဘူး။ လုပ်စရာဆိုလို့ အမှိုက်ထဲဘဲ ရောက်သွားတာ။ အဲဒီကုန်ကျစရိတ်တွေအတွက် တော်တော်ကို နစ်နာတယ်၊ အဖက်ဖက်ကနေ ဆိုက်စုံကြည်မယ်ဆိုရင်တော့ ကုန်စည်စီးဆင်းဖို့အတွက်က အဆင်မပြေတာတော့ သေချာတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် တံတားပြန်လည်ပြင်ဆင်နေချိန်အတွင်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေက လုံခြုံ ရေးကို အကြောင်းပြပြီး တံတားဖြတ်သန်းဖို့ဆိုပြီး ငွေကြေးအဆမတန် တောင်းခံတာတွေကြောင့် အခက်အခဲ ပိုဖြစ်ရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ ဒေသတွင်းမှာတော့ မော်လမြိုင်-ရန်ကုန်ကားလမ်းမရှိ တံတားပြိုကျပျက်စီးသွားတာတဲ့အတွက် စက်သုံးဆီတင် မော်တော်ယာဉ်တွေ မဝင်ရောက်နိုင်တော့ဘူးဆိုပြီး စက်သုံးဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်း ဝယ်ယူတာတွေ ရှိနေပါတယ်။

မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ အာဏာသိမ်းကာလအတွင်း ကျုံအိတ်တံတား၊ မစောတံတား၊ မိုးကောင်းတံတားအပြင် ရထားလမ်းပိုင်းတချို့ မကြာခဏဆိုသလို မိုင်းခွဲခံရပြီး လမ်းပိုင်းပျက်စီးတာတွေရှိတဲ့အပြင် ခရီးသွားတချို့လည်း ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.