ဘန်ကောက်၊ ဇူလိုင် ၁၇

ဘန်ကောက်မြို့ရှိ အဆင့်မြင့် ဟိုတယ်တစ်ခုရဲ့ အခန်းထဲမှာ ဇူလိုင် ၁၆ ရက်က သေဆုံးလျက်တွေ့ခဲ့ရတဲ့ နိုင်ငံခြားသား ၆ ဦး သေဆုံးမှုကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူတွေဟာ အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ အရာရှိတွေက သံသယရှိနေပါတယ်။

အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ နှစ်ယောက်နဲ့ အတူ ဗီယက်နမ်နွယ်ဖွားတွေဖြစ်ကြတဲ့ သေဆုံးသူ ခြောက်ယောက် စလုံးဟာ ဇူလိုင် ၁၃ နဲ့ ၁၄ ရက်မှာ ရောက်ရှိလာပြီးနောက် ဘန်ကောက်မြို့ရှိ Grand Hyatt Erawan ဟိုတယ်ကို မတူညီတဲ့သီးခြားအချိန်တွေမှာ လာရောက် တည်းခိုခဲ့သူတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး သုံးယောက် ပါဝင်တဲ့ အဲဒီလူအုပ်စုဟာ သူတို့တည်းခိုတဲ့ အခန်းတွေ မတူပေမယ့် သူတို့ရဲ့ အလောင်းတွေကို အခန်းတစ်ခန်းတည်းမှာ တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

အလောင်းတွေတွေ့ခဲ့ရတဲ့ အခန်းထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ လက္ခဏာ မတွေ့ရဘူးလို့ ရဲအရာရှိ သီတီ ဆာအန်ဆာဝမ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါက ကိုယ့်ကိုယ်ကို အန္တရာယ်ဖြစ်အောင် ပြုလုပ်တဲ့ အမှုမဟုတ်တဲ့အကြောင်းနဲ့ တစ်ယောက်ယောက်က သေစေအောင် လုပ်ထားခဲ့ခြင်း ဖြစ်တဲ့အကြောင်း ရဲအရာရှိ သီတီက ပြောကြားထားပြီး သေဆုံးသူတွေနဲ့ ဆက်စပ်နေတဲ့ သတ္တမမြောက် လူတစ်ယောက်ကို ရှာဖွေနေကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

သူတို့ လေယာဉ်ပေါ်က ဆင်းပြီးနောက်ပိုင်း ခြေလှမ်းတွေအားလုံးကို ကျွန်တော်တို့ ခြေရာခံနေပါတယ်လို့ ရဲအရာရှိ သီတီက ပြောပါတယ်။

ကနဦး စစ်ဆေးမှုအရ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဒါမှမဟုတ် ခိုးမှုကြောင့် ထိခိုက် ဒဏ်ရာရတဲ့ အထောက်အထား မတွေ့ရပေမယ့် သေဆုံးသူ အားလုံးဟာ အဆိပ်ရှိတဲ့ပစ္စည်း မျိုချထားတာကို တွေ့ရှိရကြောင်း သူက ပြောပါတယ်။

အကြောင်းရင်းကို ကျွန်တော်တို့ ဖော်ထုတ်ဖို့ လိုအပ်နေသေးတဲ့အကြောင်း၊ အခုလောလောဆယ် သက်သေ ပြနိုင်တာကတော့ သေဆုံးသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေတာ မဟုတ်ဘဲ အခြားလူတွေ သတ်လို့ သေရတာ ဖြစ်ပါတယ်လို့လည်း ရဲအရာရှိ သီတီက ပြောပါတယ်။

ဒေသစံတော်ချိန် ညနေ ၅နာရီခွဲလောက်မှာ လူသေဆုံးမှုတွေ ရှိကြောင်း ဟိုတယ်ဝန်ထမ်းက ဖုန်းဆက် အကြောင်းကြားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက အလောင်းတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်ရဲ့ ပဉ္စမထပ်က အခန်းကို သန့်ရှင်းရေး အလုပ်သမားက ရှင်းလင်းဖို့ ရောက်လာချိန်မှာ အလောင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရဲအရာရှိတွေနဲ့ အတူ ဇူလိုင် ၁၆ ရက် ညနေပိုင်းက သွားရောက်ခဲ့တဲ့ ထိုင်း ဝန်ကြီးချုပ် ဆရီသာက အလျင်အမြန် စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းအတွက် ကမ္ဘာလှည့် ခရီးသွားကဏ္ဍဟာ အဓိက မောင်းနှင်အား တစ်ခု ဖြစ်ပြီး အခုနှစ် ခရီးသည် ၃၅ သန်း ဝင်ရောက်မယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.