ပခုက္ကူ၊ ဇူလိုင် ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပျူစောထီးကျေးရွာကို ကာကွယ်ရေးအဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) မှတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဇူလိုင် ၁၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်ကစလို့ ဘဲကြီးအုပ်စု၊ အောင်သာ ပျူစောထီးကျေးရွာကို တစ်နာရီကြာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ပျူစောထီး ၅ ဦးသေဆုံးပြီး ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကာ ကာကွယ်ရေးအဖွဲ့တွေဘက်က အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“သိမ်းခါနီးမှ စစ်ကူလာလို့ပြန်ဆုတ်ခဲ့ရတယ်။ ရန်သူ့ကို ဦးပဲနှိမ်နိုင်ခဲ့တာ။ ပျူခေါင်းဆောင် ကျော်မောင်က စက်လှေနဲ့ထွက်ပြေးသွားပါတယ်။ အခုသူတို့ကြောက်လန့်နေကြပါတယ်။”လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ နိုင်ငံရေးတာဝန်ခံ ရဲဘော်လပြည့်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

အောင်သာကျေးရွာကို ရှင်းလင်းနိုင်ခဲ့တဲ့အတွက် ပြည်သူတွေ ပျော်ရွှင်နေကြတာကြောင့် ဒီတိုက်ခိုက်မှုဟာ ပြည်သူတွေကို ဝမ်းသာပီတိပေးနိုင်တဲ့ တိုက်ပွဲတစ်ခုအဖြစ်ကျေနပ်မိတယ်လို့ ရဲဘော်လပြည့်ကပြောပါတယ်။

အောင်သာ ပျူစောထီးကျေးရွာဟာ အနီးနားဝန်းကျင်ကရွာတွေကို ပျူစောထီးကျေးရွာအဖြစ် စည်းရုံးတဲ့ အဓိကကျေးရွာလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အနီးဝန်းကျင်ကျေးရွာ ပြည်သူ​တွေထံကနေ ပိုက်ဆံတွေလုယူတာ၊ မီးရှို့တာ၊ ပစ္စည်းတွေ ခိုးယူတာနဲ့ အကြမ်းဖက်တာတွေပြုလုပ်နေတဲ့ ကျေးရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကာဘိုင်အမျိုးအစား သေနတ် ၃ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက်၊ ရှော့ဂန်းသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံတွေထံကနေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ABSDF အမှတ် ၃ စစ်ကြောင်း၊ ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ (အမှတ် ၈၁၅ စစ်ဒေသ)၊ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ် BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပခုက္ကူမြို့နယ်စုဖွဲ့မှု တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာလည်း ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအုပ်စုက ရှင်မကန်ကျေးရွာ ပျူစောထီးစခန်းကို PDO/PDA အပါအဝင် ကာကွယ်ရေးတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့ပါသေးတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – PDO/PDA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.