နေပြည်တော် ၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ MNDAA နဲ့ TNLA တို့ရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင် ရေးအပေါ် စစ်ကောင်စီဘက်က စစ်ရေးဆိုင်ရာတုံ့ပြန်ပြောဆိုမှုတွေဟာ ပြီးခဲ့တဲ့ စစ်ဆင်ရေးနဲ့ယှဉ်ရင် လေသံပျော့ပျောင်းနေပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက MNDAA နဲ့ TNLA တို့ဟာ ကျားဖြန့်တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ နယ်မြေချဲ့ထွင် တိုက်ခိုက်လာနေလို့ စစ်တပ်ဘက်က လုံခြုံရေးအလေးထားဆောင် ရွက်နေတယ်လို့ ဇူလိုင် ၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က TNLA ပူးပေါင်းအဖွဲ့ဟာ နောင်ချိုနဲ့ ကျောက်မဲဒေသတစ်ဝိုက်ရှိ လုံခြုံ ရေးစခန်းတွေနဲ့ မြို့တွေကို တိုက်ခိုက်ခဲ့သလို MNDAA ပူးပေါင်းအဖွဲ့ကလည်း ဇူလိုင် ၃ ရက်နေ့မှာ လားရှိုးမြို့ ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအပေါ် စစ်ကောင်စီအနေနဲ့ မြို့ ရွာတွေ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေသလို ပြည်သူတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေတ္တာရပ်ခံလာတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က ၁၀၂၇ ဒုတိယလှိုင်းမှာ စစ်ကောင်စီဘက်က ပျော့တော့တော့ ပြောဆိုနေပေမယ့် ဒုတပ်ချုပ်ကို ပြင်ဦးလွင်မှာ အနီးကပ်ကွပ်ကဲခိုင်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီတစ်ခါ ၁၀၂၇ ဒုတိယလှိုင်း အပိုင်း ၂ မှာ ဗိုလ်ချုပ်ဇော်မဲလုံးက နည်းနည်းပျော့တော့တော့ ပြောသွားတာကို ကျွန်တော်တို့လည်း တွေ့ရတယ်။ ဒါပေမယ့် အဲဒါကနည်းနည်း သတိထားရမယ်။ ပြီးတော့ ၁၀၂၇ အပိုင်း ၂ အတွက်ကိုလည်း ဒုချုပ်စိုးဝင်းကို ပြင်ဦးလွင်မှာ အနီးကပ်ထိုင်ပြီး ကွပ်ကဲခိုင်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာရှိတယ်။ ဒါတော့ အတည်ပြုလို့ မရသေးဘူး။ အဲဒီတော့ ရှမ်းမြောက်ကို ဒီတစ်ခါ စကစကနေပဲ ပြန်ဖြစ်စေချင်တဲ့ပုံစံမျိုးနဲ့ သူတို့ စလာတာ။ ဒါကြောင့် တချို့တပ်တွေကိုလည်း ပို့ထားတာရှိတယ်”လို့ ဆိုပါ တယ်။

စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်မှာ ကျန်ရှိနေတဲ့ တပ်တချို့ကို တခြားဒေသဘက်မှာ ပို့ဆောင်ခဲ့တဲ့အတွက် ဒီတကျော့မှာ တပ်အင်အားနည်းနေတာကြောင့် လေသံပျော့ပျော့နဲ့ တုံ့ပြန်နေရတာလို့ သူ က ထောက်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာတော့ စစ်ခေါင်းဆောင်က မဟာမိတ်တပ်ဖွဲ့တွေကို လို အပ်တဲ့ တိုက်ခိုက်မှုတွေနဲ့ တန်ပြန်ချေမှုန်းသွားမယ်လို့ စစ်ကောင်စီအစည်းဝေးတွေမှာ နှစ်ကြိမ်ထက်မနည်း ကြုံးဝါးခဲ့တာပါ။

ဒါပေမယ့် လက်တွေ့မှာ ရှမ်းမြောက်ရှိ မြို့ ပေါင်း ၁၇ မြို့အထိ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်သဘောတူညီအရ နှစ်ဘက်အပစ်ခတ်ရပ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအပစ်ခတ်ရပ်စဲမှုကလည်း ၅ လကျော်သာခံပြီး ဇွန်နှောင်းပိုင်းကစတင်ကာ ရှမ်းမြောက်နဲ့ မန္တ လေးအစပ် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်၊ မတ္တရာနဲ့ စဉ့်ကူးမြို့ တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တစ်ဘက်မှာ လနဲ့ချီ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသက ထိုးစစ်တွေအပြင် အခုလို ၁၀၂၇ စစ်ဆင် ရေး တစ်ကျော့ပြန်လာချိန်မှာ စစ်‌ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကျင်းပရေးကိုသာ အလေး ထား ပြောဆိုခဲ့ပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းဝေးမှာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိရင်ဆိုင်နေရတဲ့ စစ်ရေးကိစ္စရပ်တွေကို တုံ့ပြန်ပြောဆိုတာမရှိဘဲ နှုတ်ဆိတ်နေခဲ့တာပါ။

နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီတပ်အနေနဲ့ အခုအနေအထားမှာ ခံစစ်ဆင်တော့မယ့်အခြေအနေမျိုး ဝန်ခံဖော်ပြနေပြီး အတွင်းပိုင်းမှာတော့ ညွှန်ကြားထားတာ ရှိတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ထိုးစစ်ဆင်နေတဲ့ အနေအထားကနေပြီးတော့ အခုက ခံစစ်ဆင်တော့မယ်ဆိုတဲ့ အခြေအနေကို ဝန်ခံဖော်ပြနေတာ။ အခုကတော့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးဆင်အရှိန်အ ဟုန်မြင့်တက်လာလေ ဟိုင်ဂင်သဘောတူညီချက်နဲ့လည်း တားလို့မရတော့ဘူးဆိုတာ သူသဘောပေါက်သွားပြီ။ အဲဒီတော့အပြင်က သတင်းစာတွေမှာ ဇော်မင်းထွန်းရဲ့ ရှင်း လင်းချက်တွေမှာ သူတို့စစ်တပ်ရဲ့ သဘောထားကို မဖော်ပြပေမယ့် အတွင်းပိုင်း မင်းအောင်လှိုင်ရဲ့ ညွန်ကြားချက်တွေမှာ ဖော်ပြထားပါတယ်”လို့ ဆိုပါ တယ်။

ရှမ်းမြောက်တိုက်ပွဲမှာ လားရှိုးမြို့ကို လက်လွှတ်ရမယ်ဆိုရင် ရှိသမျှတိုင်းမှူးတွေအားလုံး နုတ်ထွက်ရမှာဖြစ်တဲ့အတွက် အဲဒီမြို့ ခံစစ်စည်းမကျဆုံးအောင် ဝိုင်းဝန်းကာကွယ်ကြဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ ဦးသန်းစိုးနိုင်က ဆက်ပြောပါတယ်။

ဒါကြောင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ လားရှိုးမြို့တိုက်ပွဲဟာ စစ်ကောင်စီဘက်က အသည်းအသန်ခုခံလိမ့်မှာဖြစ်တဲ့အတွက် မဟာမိတ်တပ်တွေဘက်ကလည်း အပြင်းအထန်ထိုးစစ်ဆင်ရမယ့် အနေအထားလို့ သူကထောက်ပြပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ၁၅ ရက်တာအတွင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက စစ်ကောင်စီရဲ့တပ်စခန်းပေါင်း ၇၀ ကျော်ကို TNLA ပူး ပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.