နေပြည်တော် ၊ ဇူလိုင် ၉

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေး‌နွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ရဲ့စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကိုတက်ရောက်ဖို့ တရုတ်နိုင်ငံ ချင်းတောင်မြို့ကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင်က တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့နဲ့ ဇူလိုင် ၇ ရက်နေ့က နှစ်နိုင်ငံတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲအပြင် နှစ်နိုင်ငံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ အွန်လိုင်းလောင်းကစား၊မူး ယစ်ဆေးဝါးနဲ့ စီးပွားရေး စီမံကိန်းကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူတစ်ဦးက စစ်ကောင်စီအနေနဲ့ လောလောဆယ်မှာ ရွေး ကောက်ပွဲလုပ်ဖို့ ဆန္ဒမရှိပေမယ့် တရုတ်နဲ့ နိုင်ငံတကာက ရွေးကောက်ပွဲကနေတဆင့် အကူးအ ပြောင်းလုပ်စေချင်တာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ သိထားသလောက်ဆိုရင် မင်းအောင်လှိုင်အနေနဲ့ (စကစ) ရွေးကောက်ပွဲကို လော လောဆယ်လုပ်ဖို့ သူ့မှာဆန္ဒမရှိဘူး။ ဒါပေမယ့် တရုတ်အပါအဝင် နိုင်ငံတကာကတော့ ရွေးကောက် ပွဲကနေတဆင့် အကူးအပြောင်းလုပ်စေချင်တယ်။ ဒီပဋိပက္ခကနေ အမြန်ဆုံးထွက်စေချင်တယ်။ ဒါကြောင့်မို့ ရှမ်းမြောက်တို့မှာဆိုရင် စစ်ရေးအရ တရုတ်က ဖိအားပေးတာတို့ ဘာတို့လုပ်တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့်နှစ် အထွေ ထွေရွေးကောက်ပွဲကျင်းပဖို့ အခုနှစ်အောက်တိုဘာလအတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူမယ်လို့ အချိန်ကာလတစ်ခုကို ထုတ်ပြောခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာရခိုင်အပါအဝင် တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ပေါ်အထိ တကျော့ပြန်တိုက်ပွဲတွေ ရင်ဆိုင်နေရပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကာလမှာ ရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်တွေကို ခပ်စိပ်စိပ်ထုတ်ပြောလာပြီး ဇူလိုင် ၄ ရက်နေ့က တရုတ်အသံအမတ် မစ္စတာချန်ဟိုင်းနဲ့ တွေ့ဆုံချိန်မှာ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ကြသေးတာပါ။

ဒါ့အပြင် ဇူလိုင် ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးအရအဖွဲ့အစည်းအဝေးမှာလည်း ရွေး ကောက်ပွဲကျင်းပနိုင်ရေး သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်းပြုစုသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူကတော့ “အခုက စစ်ကောင်စီအနေနဲ့ စစ်ရှုံးနေတဲ့အခြေ အနေမှာ ဒီထက်ပိုပြီး မရှုံးအောင် တကယ်လို့များ ရွေးကောက်ပွဲကို ၂၀၂၅ အတွင်းမှာ မလုပ်ပေးနိုင်ဘူး၊ စစ်ပဲတိုက်နေမယ်ဆိုရင် ၂၀၂၅ နှစ်ကုန်မှာဆိုရင် စစ်တပ်အင်စတီကျူးရှင်းတစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေဖြစ်သွားနိုင်တယ်”လို့ ထောက်ပြပါတယ်။

ဧပြီနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်အနေနဲ့ စစ်ရုံးကနေ လုံခြုံရေးကင်းစခန်းအထိ စစ်စခန်းပေါင်း ၅၂၈၀ အထိ ရှိပြီး အဲဒီထဲက စစ်စခန်း ၂၅၀၀ ကို ဆုံးရှုံးလိုက်ရပြီလို့ ခန့်မှန်းထားပါတယ်။

တစ်ဘက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ၆ လ တစ်ကြိမ် ထပ်မံတိုးယူနေတဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလကလည်း ဇူလိုင် ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာပါ။

“စစ်ကောင်စီရဲ့ သက်တမ်းက တကယ်လို့ ဆက်မတိုးတော့ဘူးဆိုရင် နောက်လာမယ့် ဩဂုတ် ၁ ရက်နေ့ကစပြီး ကြားဖြတ်အစိုးရကို အာဏာာလွှဲပေးမယ်။ ကြားဖြတ်အစိုးရကနေ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာလုပ်ပေးရမယ်။ တကယ်လို့ အဲဒီလိုမလုပ်ဘူးဆိုရင် နောက်နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အာဏာလွှဲကိုလွှဲရမယ်။ မလွှဲဘူးဆိုရင်တော့ ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲကျင်း ပဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး”လို့ အဲဒီလေ့လာသုံးသပ်သူက ပြောပါတယ်။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကိုကိုကလည်း ရွေးကောက်ပွဲကျင်း ပနိုင်ရေး ကြိုတင်ပြင်ဆင်စရာရှိတာတွေကို အခုထက်အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်‌အောင် လုပ် ဆောင်ထားကြဖို့ ဝန်ထမ်းတွေကို ဇူလိုင် ၇ ရက်နေ့မှာ တိုက်တွန်းပါတယ်။

ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ရမယ့် ရွေးကောက်ပွဲအကြိုလုပ်ငန်းတွေ လုပ်ဆောင်နေသလို လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.