“မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေ၊ ကလေးတွေ အမျိုးသမီးတွေ ပြောရမယ်ဆိုရင် အမျိုးသမီးလေးတွေကို စစ်ကောင်စီတပ်သည် မလေးစားတဲ့အပြင် မုဒိမ်းမှုတွေကျုးလွန်တယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေ အားနွဲ့တဲ့ အမျိုးသမီးတွေကို နိုင်ထက်စီးနင်းလုပ်တယ်”

မဇူးဇူးမေယွန်း (နိုင်ငံရေးအကျဉ်းသူများ အဖွဲ့)

လက်ရှိ အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေ အထူးသဖြင့် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသူတွေဟာ ထောင်ဝန်ထမ်းတွေရဲ့ နိုင်ထက်စီးနင်း လုပ်ဆောင်တာကိုခံနေရပါတယ်။ ဥပမာအားဖြင့် မကြာသေးမီက ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ အမျိုးသမီးအကျဉ်းသူတွေရဲ့ ကိစ္စက အထင်ရှားဆုံးဖြစ်ပါတယ်။

အခုလိုမျိုး အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ အကျဉ်းထောင်တွေထဲက အမျိုးသမီးအကျဉ်းသူတွေဟာ ဘယ်လိုမျိုးအခက်အခဲတွေ၊ ဖိနှိပ် ညှဉ်းပန်းမှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ အကျဉ်းသူတွေအတွက် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေက ဘယ်လိုရှိနေသလဲ။ ထောင်ဝင်စာတွေ့ခွင့်၊ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရတဲ့အခြေအနေတွေကိုရော ဘယ်လိုကျော်ဖြတ်နေကြသလဲဆိုတာ သိရဖို့ နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ (WOPP) မှ ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ ဆက်သွယ်မေးကြည့်ထားပါတယ်။

မေး – အရင်ဦးဆုံးအနေနဲ့ လက်ရှိ မြန်မာနိုင်ငံက အကျဉ်းထောင်တွေရဲ့ အခြေအနေ ဘယ်လိုရှိနေလဲ ဆိုတာ ပြောပြပေးပါ။

ဖြေ – မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ အခြေအနေက သူ‌တို့တွေသည် လက်ရှိ ခြောက်လပိုင်း ကာလတွေမှာ ထောင်ပြောင်းရွှေ့တာတွေလုပ်နေတယ်။ ပြီးရင် နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသားတွေကို တိုက်ပိတ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ လုပ်နေတယ်လို့ ကျွန်မတို့ ကြားသိရပါတယ်။

မေး – နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒိုက်ဦးထောင်ရဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ – လက်ရှိမှာ ဒိုက်ဦးထောင်ကတော့ မနှစ်ကလည်း ဖြစ်စဉ်တစ်ခုဖြစ်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ခေါ်ထုတ်၊ သတ်ဖြတ်တာတို့ပေါ့။ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အနေအထားမှာ ဒီ ဒိုက်ဦးထောင်က ပြောရမယ်ဆိုရင် ဆေးဝါးကုသမှုမရတာမျိုးတွေ ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ၊ ပြီးရင် ဒဏ်ရာရနိုင်ငံရေး အကျဉ်းသူ/အကျဉ်းသားတွေက ဆေးဝါးကုသမှုမရတာတွေ၊ ပြစ်ဒဏ်တိုက်ထဲမှာထည့်ထားတာတွေ၊ လူသူဝေးလံတဲ့ နေရာဖြစ်တဲ့အတွက် စားဝတ်နေရေးက အရမ်းခက်ခဲနေတဲ့ နေရာမျိုး ဖြစ်နေပါတယ်။

မေး – ဒိုက်ဦးထောင်ကို ထောင်ပြောင်းခံရတဲ့ အမျိုးသမီးအကျဉ်းသူတွေဟာ ဘယ်လို ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရလဲ။

ဖြေ – လက်ရှိမှာ ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကိုပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ တခြားအမှုတွေနဲ့ပါ သူတို့ပုဒ်မတွေတပ်ပြီးတော့ တရားရင်ဆိုင်ခိုင်းတာတွေရှိတယ်။ ပြီးတော့ ခြိမ်းခြောက်မှုတွေ၊ ရိုက်နှက်မှုတွေ၊ ဒဏ်ရာရ နိုင်ငံရေး အကျဉ်းသူတွေကို ဆေးဝါးကုသမှုမပေးဘဲ တိုက်ပိတ်တာမျိုးတွေကြုံနေရပါတယ်။

မေး – စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသား/အကျဉ်းသူတွေကို ဆေးဝါးနဲ့ ကျန်းမားရေးစောင့်ရှောက်မှုပေးတဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ – စစ်ကောင်စီရဲ့ လက်ပါးစေအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူတွေဟာ လက်ရှိမှာ ဆေးဝါးနဲ့ပတ်သက်ရင် ဒါကတော့ ပြည်သူတစ်ရပ်လုံး သိတယ်ပေါ့။

ထောင်ထဲရောက်ရင် စားဝတ်နေရေး၊ ကျန်းမာရေးကအစ အရမ်းချို့တဲ့တဲ့ နေရတဲ့ အနေအထားမျိုးပေါ့နော်။ အဲဒီလိုမျိုးတွေတောင်မှ လက်ရှိမှာ ခေတ်နဲ့အညီ ပွင့်လင်းမှုရှိလာတဲ့ ခေတ်ရေစီးကြောင်းထဲတောင်မှ ဒိုက်ဦးထောင်အပါအဝင် ထောင်တိုင်းထောင်တိုင်းမှာ ကျင့်သုံးနေတာက ဆေးဝါးတွေကို၊ expire date ကုန်တဲ့ ဆေးဝါးတွေကို နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေကိုတိုက်တယ်။ အရေးပေါ်ဖြစ်လာရင်တောင်မှ ဆေးဝါးကုသမှု ကြန့်ကြာတယ်။

လူ့အသက်ကို တန်ဖိုးမထားမှုမျိုးတွေနဲ့ သူတို့ဟာအုပ်ချုပ်နေတယ်။ ဆေးဝါးကုသမှုမှာလည်း သဘောမှာ အစာအိမ်ဖြစ်တယ်ဆိုလည်း ပါရာစီတမော့၊ ကြီးကြီးမားမား ရောဂါဖြစ်ရင်လည်း ပိုးသတ်ဆေးတွေကို တိုက်တယ်။ ဒီတစ်မျိုးကိုပဲ ထိုးပြီးတော့ ကုသမှုတွေလုပ်နေတယ်။

မေး – စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းသူတွေအပေါ် နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ခြယ်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ – စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းသူတွေအပေါ် နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ခြယ်ပြီး လူ့အခွင့်အရေးကို ချိုးဖောက်တဲ့အပေါ် သိသိသာသာပေါ့။ အရင်ကဆိုမသိမသာ သူတို့ရဲ့ ယုတ်မာမှုတွေကို ဖုံးလွှမ်းပြီးတော့လုပ်ဆောင်ကြတာပေါ့။ အခုဆိုရင်တော့ ပေါ်ပေါ်ထင်ထင် လက်ရဲဇက်ရဲလုပ်လာတဲ့ အနေအထားမျိုးရှိတယ်ပေါ့။

ကျွန်မတို့မြန်မာနိုင်ငံကို မိခင်မြေလို့တင်စားကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေ၊ ကလေးတွေ အမျိုးသမီးတွေ ပြောရမယ်ဆိုရင် အမျိုးသမီးလေးတွေကို စစ်ကောင်စီတပ်သည် မလေးစားတဲ့အပြင် မုဒိမ်းမှုတွေကျုးလွန်တယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေ အားနွဲ့တဲ့ အမျိုးသမီးတွေကို နိုင်ထက်စီးနင်းလုပ်တယ်။ ပြီးရင် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေဆိုတာ အပ်တိုတစ်ချောင်းတောင် ကိုင်ပိုင်ခွင့်မရှိပါဘူး။ သူတို့အကျဉ်းဦးစီးမှာပေါ့နော်။

ဒီလိုမျိုးအပ်တိုတစ်ချောင်းတောင် ကိုင်ခွင့်မရှိတဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကို ယောကျာ်းထုတွေ အင်အားအလုံးအရင်းနဲ့ သူတို့သည် ယူနီဖောင်းချွတ်လိုက်ရင်လည်း လူပဲလေ။ သာမန်လူပဲ။ အဲဒီလိုယောကျာ်း ရင့်မာကြီးတွေက ဘာဖြစ်လို့ရိုက်နှက်မှုတွေ လုပ်ဆောင်ရတာလဲ။ အရမ်းအောက်တန်းကျတဲ့ လုပ်ရပ်လို့ပဲ ကျွန်မတို့က မြင်ပါတယ်ပေါ့နော်။

မေး – အခုနောက်ပိုင်း အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်နဲ့ ဧည့်တွေ့ခွင့် ကန့်သတ်လိုက်တာကြောင့် ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်‌နေရလဲ။

ဖြေ – ထောင်ဝင်စာကန့်သတ်လိုက်တဲ့ အနေအထားမျိုးမှာတော့ ပြောရမယ်ဆိုရင် သူတို့တွေသည် စစ်မှုထမ်းဥပ‌ဒေထုတ်လိုက်တာတောင်မှ မိသားစုဝင်တွေဆိုရင် အရင်ကထက် ပါဆယ်ပို့ခွင့် ခက်ခဲသွားတယ်။ ပြီးရင် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူတွေရဲ့ မိသားစုဝင်တွေမှာလည်း ဘာပဲပြောပြော ရုန်းကန်ရတာတွေရှိတယ် ပေါ့နော်။ ခက်ခဲမှုတွေနဲ့ရင်ဆိုင်ရတယ်။

အထဲမှာလည်းခက်ခဲမှုတွေ ရင်ဆိုင်ရတယ်။အပြင်မှာလည်း နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေရဲ့ မိသားစုတွေအပါအဝင် ပြည်သူတစ်ရပ်လုံး ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ ကာလလည်းဖြစ်တယ်။ အပြင်မှာရှိတဲ့ မိသားစုတွေဝင်တွေလည်း ပြည်သူတွေလည်း ရုန်းကန်နေရသလို စားဝတ်နေရေးကျပ်တည်းသလို အထဲမှာ ပိုပြီး‌တော့ ခက်ခဲလာတယ်။ ဥပမာဆိုရင် ပါဆယ်‌တစ်ယောက်လာရင် လူခုနှစ်ဦး/ရှစ်ဦးက မျှစားတဲ့ အနေအထားမျိုးကြုံနေရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.