ပါရီ၊ ဇူလိုင် ၈

ပြင်သစ်ရွေးကောက်ပွဲ ဒုတိယအကျော့ အပြီးသတ်ရလဒ်တွေမှာ လွှတ်တော်အမတ်နေရာ အများစုကို လက်ဝဲယိမ်း ညွှန့်ပေါင်းအဖွဲ့ အနိုင်ရပြီးနောက် ဝန်ကြီးချုပ် ဂါဘရီရယ် အတ်တဲလ်က ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။

လက်ယာယိမ်း National Rally ပါတီ အနိုင်ရရှိခဲ့တဲ့ ပထမအကျော့ထက် မဲပေးသူ ပိုများခဲ့တဲ့ ဒုတိယအကျော့မှာ ဝန်ကြီးချုပ်နဲ့ သမ္မတ မက်ကရွမ်ရဲ့ ဗဟိုဝါဒီ မဟာမိတ် အဖွဲ့ဟာ ဒုတိယနေရာမှာပဲ ရှိနေခဲ့ပါတယ်။

National Rally ပါတီကတော့ တတိယနေရာမှာ ရှိနေခဲ့ပြီး လွှတ်တော်တွင်း လူအများစုနေရာကို ဘယ်ပါတီကမှ အနိုင်မရခဲ့တာကြောင့် အစိုးရဖွဲ့ရေး ညွှန့်ပေါင်းအဖွဲ့က မဟာမိတ် ရှာဖွေရမှာ ဖြစ်ပါတယ်။

လက်ဝဲယိမ်း New Popular Front ပါတီက လွှတ်တော်တွင်း အမတ်နေရာ အများဆုံး ၁၈၁ နေရာ ရရှိထားပြီး သမ္မတ မက်ကရွမ်ရဲ့ ဗဟိုဝါဒီ မဟာမိတ်အဖွဲ့က အမတ်နေရာ ၁၆၀ ကျော် ရရှိခဲ့ပါတယ်။

ပထမအကျော့မှာ ဦးဆောင်ထားခဲ့တဲ့ မာရိန်း လီပင်းရဲ့ National Rally ပါတီက ၁၄၃ နေရာ အနိုင်ရခဲ့တာကြောင့် လွှတ်တော်တွင်း အမတ်နေရာ အများစုအတွက် ပြတ်ပြတ်သားသား အနိုင်ရတဲ့ ပါတီမရှိဘဲ ဖြစ်နေပါတယ်။

ဝန်ကြီးချုပ် အတ်တဲလ်က လာမယ့် ပါရီအိုလံပစ်ပွဲတွေ အထိ သူ့အနေနဲ့ လက်ရှိရာထူးမှာ ဆက်ရှိနေမှာ ဖြစ်ပေမယ့် ရာထူးက နုတ်ထွက်သွားမယ်လို့ ပြောဆိုထားတာပါ။

ဒါကြောင့် ဝန်ကြီးချုပ် အသစ်တစ်ဦး ရွေးချယ်နိုင်ဖို့နဲ့ အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး သီတင်းပတ်များစွာ ကြာအောင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုတွေ အသည်းအသန် လုပ်ဆောင်ရဖို့ ရှိနေပါတယ်။

သမ္မတ မက်ကရွမ်ရဲ့ ရုံးက အစိုးရ အသစ်ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မဆုံးဖြတ်ခင် အမျိုးသားလွှတ်တော် ဖွဲ့စည်းမှုကို စောင့်ဆိုင်းဦးမယ်လို့ ပြောထားပါတယ်။

ရွေးကောက်ပွဲမှာ ထင်မှတ်မထားခဲ့တဲ့ ရလဒ် ထွက်ပေါ်လာပြီးနောက် လက်ဝဲယိမ်း ခေါင်းဆောင် ဂျိမ်း လု့စ် မီလန်ချွန်က မိမိတို့ လက်ဝဲ အုပ်စု အနေနဲ့ ပြင်သစ်ကို အုပ်ချုပ်သွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောကြား ပါတယ်။

အဲဒီလိုမျိုး ရွေးကောက်ပွဲ ရလဒ်ကြောင့် ပြင်သစ်လွှတ်တော်ကတော့ ဥပဒေပြုရေးနဲ့ အခြားဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အခက်အခဲ အများကြီး ရှိလာနိုင်ပါတယ်။

Ref:AFP/NTD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.