ရေး၊ ဇူလိုင် ၈

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာမှာ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဒေသခံအမျိုးသား သုံးဦးကို ရိုက်နက်နှိပ်စက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မနေ့ ဇူလိုင် ၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ မော့ကနင်ကျေးရွာ ကားဆိပ်ပိုင်းနေ အသက် ၃၀ အရွယ် ဒေါ်နှင်းယုလှိုင်ကို အမည်မသိ သေနတ်သမား နှစ်ဦးက နေအိမ်အတွင်း သေနတ်နဲ့ဝင်ရောက် ပစ်ခတ်သွားတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဒေါ်နှင်းယုလှိုင်ဟာ ဦးခေါင်းနောက်စေ့ကျည်ထိမှန် ဒဏ်ရာနဲ့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒေါ်နှင်းယုလှိုင်ဟာ ရဲနဲ့စစ်တပ်ထံ လိုင်းကြေးပေးကာ မူးယစ်ဆေးဝါး ရောင်းချနေသူ ဖြစ်ပြီး မကြခဏဆိုသလို စစ်ကောင်စီဘက်က သူအိမ်ထံ လာရောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး နာရီဝက်ခန့်အကြာမှာ မော့ကနင်အခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းကနေ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ နီးပါး ရောက်ရှိလာပြီးနောက် ဒေသခံပြည်သူတချို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလိုစစ်ဆေးမေးမြန်းရာမှာ စကားပြောဆိုတာ အဆင်မပြေလို့ဆိုကာ ထိုးကြိတ်ကန်ကျောက်ကာ သေနတ်ဒင်နဲ့ထုပြီး ရိုက်နှက်သွားတဲ့အတွက် ဒေသခံအမျိုးသား သုံးဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
ပုံစာ – ရေးမြို့နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအား တွေ့ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.