မနီလာ၊ ဇူလိုင် ၈

ဂျပန်နဲ့ဖိလစ်ပိုင်တို့ကြား ဇူလိုင် ၈ ရက်မှာ အရေးပါတဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်တာကြောင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ရေးအတွက် ဂျပန်တပ်တွေကို ဖိလစ်ပိုင်မှာ ချထားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရဲ့ သိမ်းပိုက်တာ ခံခဲ့ရဖူးတဲ့ ဖိလစ်ပိုင်ဟာ လက်ရှိမှာ တရုတ်ရဲ့ ချယ်လှယ်မှု ပိုများလာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် တိုကျိုအစိုးရနဲ့ မဟာမိတ် တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။

ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေအတွက် ဖိလစ်ပိုင်တပ်တွေကိုလည်း ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမယ့် အဲဒီအပြန်အလှန် သဘောတူညီမှုကို ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီဘက်တို တီအိုဒိုရိုနဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ယိုကို ကာမီကာဝါတို့အကြား မနီလာမြို့မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာလည်း တက်ရောက်ခဲ့ပါတယ်။

ဒီသဘောတူညီမှုဟာ နှစ်နိုင်ငံ လွှတ်တော်တွေက အတည်ပြုပြီးနောက် အသက်ဝင်လာမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်နဲ့ ဂျပန်အရာရှိတွေက ပြောကြားထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါနဲ့ ကာကွယ်ရေး ဝန်ကြီး မီနိုရူ ကီဟာရာတို့ဟာ နောက်ထပ် ဆက်ဆံရေး တိုးမြှင့်ရေးအတွက် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မနီလာကို ရောက်ရှိနေတာ ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါတယ်။

Japanese Prime Minister Fumio Kishida (R) shakes hands with Philippine President Ferdinand Marcos during a press conference at the prime minister’s official residence in Tokyo on February 9, 2023. (Photo by Kimimasa MAYAMA / POOL / AFP)

အခုလိုမျိုး ဖိလစ်ပိုင်နဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုဟာ ဂျပန်က အာရှမှာ ချုပ်ဆိုတဲ့ ပထမဆုံး သဘောတူညီမှု ဖြစ်ပါတယ်။
ဂျပန်က သြစတြေးလျနဲ့ အလားတူ သဘောတူညီမှု တစ်ရပ်ကို ၂၀၂၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဗြိတိန်နဲ့ ပြီးခဲ့တဲ့ နှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ လက်ထက်မှာ ဂျပန်ဟာ တန်ပြန် တိုက်စစ် ဆင်နွှဲနိုင်စွမ်း အပါအဝင် ကာကွယ်ရေး စွမ်းပကား တိုးတက်လာအောင် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား အန္တရာယ်နဲ့ တရုတ်ရဲ့ ခြယ်လှယ်မှု ပိုများလာနေချိန်မှာ ဂျပန်က ကာကွယ်ရေး အသုံးစရိတ်ကို နှစ်ဆတိုးမြှင့်ခဲ့ပါတယ်။

တရုတ်ကို တားဆီးနိုင်ရေး အမေရိကန်ကလည်း အင်ဒို-ပစိဖိတ် ဒေသမှာ စစ်ရေး မဟာမိတ် အားကောင်းအောင် ဆောင်ရွက်နေပြီး ဂျပန်ရဲ့ လေတပ်အင်အား ခေတ်မီ ဆန်းသစ်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်း အနေနဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို ဂျပန်သို့ စေလွှတ်ထားပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ လောလောဆယ် အငြင်းပွားမှု အရှိန်မြင့်တက်နေတဲ့ ဖိလစ်ပိုင်က အမေရိကန်နဲ့ ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

တရုတ်က ရန်စမှုတွေ ပိုများလာချိန်မှာ နောက်ထပ် ရန်စတိုက်ခိုက်ခံရရင် တူညီတဲ့အင်အားနဲ့ တုံ့ပြန်မယ်လို့ ဖိလစ်ပိုင်က ကြွေးကြော်ထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.