ကျိုက်ထို၊ ဇူလိုင် ၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU သထုံခရိုင် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က တကေးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တိုက်ပွဲမရှိဘဲ ငှက်ပျောတောကျေးရွာထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ငှက်ပျောတောကျေးရွာနေ အသက် ၈ နှစ်အရွယ် မောင်အောင်သဲဖြူ၊ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ဆန်း၊ အသက် ၁၃ နှစ်အရွယ် မောင်ကျော်စွာဦးအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံနေအိမ် နှစ်လုံးနဲ့ ကားတစ်စီး ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံပြည်သူတွေကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကလည်း တကေးချောင်းဖျားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကနေ ငှက်ပျောတောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသား တစ်ဦး ပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.