နေပြည်တော် ၊ ဇွန် ၃၀

နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ ထိုးစစ်တွေကြောင့် အင်အားလိုအပ်ချက်အရ အသက်သွင်းခဲ့တဲ့ စစ်မှု ထမ်းဥပဒေ အပတ်စဉ် ၁ သင်တန်းဆင်းတွေကို တိုင်းစစ်ဌာနချုပ်အလိုက် အရန်အင်အားအဖြစ် ထားရှိပြီး စစ်ရှေ့တန်း ချက်ချင်းပို့ဆောင်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဧပြီ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၁ သင် တန်းဟာ ဇွန် ၂၈ ရက်နေ့မှာတော့ တိုင်းစစ်ဌာနချုပ်တွေအလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းဆင်းပွဲမှာတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကာ စစ်မှုထမ်းသင်တန်းဆင်းတွေကို ကတိသစ္စာခံယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အပတ်စဉ် ၁ သင်တန်းဆင်းတွေအနေနဲ့ တာဝန်ကျရာ တပ်ရင်း၊တပ်ဖွဲ့အသီးသီးဆီ သွား ရောက်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ဂုဏ်ယူစွာနဲ့ ထမ်းဆောင်ကြတော့မှာဖြစ်တယ်လို့ အသိပေးထားတာပါ။

ဒါပေမယ့် ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုး စစ်‌ရေးဆိုင်ရာတာဝန်တွေ ပေးအပ်သွားမယ်ဆိုတာ စစ်ကောင်စီဘက်က အသေးစိတ်ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီဟာ အရေးပေါ် အင်အားလိုအပ်နေတာဖြစ်တဲ့အတွက် သင်တန်းဆင်းတွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေဆီ ချက်ခြင်းလွှတ်မယ့် အနေအထားမျိုးလို့ သုံး သပ်ပါတယ်။

“တကယ့် အရေးပေါ် အင်အားချိနဲ့ပြီး လိုအပ်နေတာဖြစ်တဲ့အတွက် ရှေ့တန်းစစ်မျက်နှာပြင်တွေကို ချက်ခြင်းသွားရမယ့် အနေအထားမျိုးရှိတယ်။ ချက်ခြင်းလွှတ်ပေးမယ့် အနေအထားမျိုးတောင် ရှိတယ်။ ကျောင်းဆင်းလာတဲ့ အင်အားတွေကို အရန်အင်အားသဘောမျိုးကိုင်ပြီးတော့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေတွေအလိုက် လောလောဆယ် ခွဲဝေပေးသွားမယ့် သ‌ဘောမျိုးလို့ ခန့်မှန်းပါတယ်”လို့ ဆိုပါတယ်။

တကယ်တမ်း စစ်မှုထမ်းတွေဟာ သင်တန်းပြီးရင် တာဝန်ကျမယ့် မိခင်တပ်တွေကို အရင်ဆုံးစေ လွှတ်ပြီး ရှောင်တခင်ခွင့် တစ်ပတ် ၁၀ ရက် ပေးရမှာဖြစ်ပေမယ့် အခုအနေအထားဟာ ဒီလိုခွင့်တွေ ပေးနိုင်မယ့် အခြေအနေလည်း မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အရန်စစ်မှုထမ်းဟောင်းဥပဒေနဲ့ ပြန်ခေါ်ခဲ့တဲ့ သူတွေကိုလည်း တပ်ရင်းတစ်ရင်းပုံစံအ ဖြစ်ဖွဲ့စည်းပြီး နဂိုတာဝန်ထမ်းဆောင်နေသူတွေနဲ့ မပေါင်းဘဲ အရန်စစ်မှုထမ်းဟောင်းတပ်ရင်းဆိုပြီး သီးသန့်ထားတာရှိတယ်လို့ ဗိုလ်ကြီးဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းတွေကို ကြံ့ခိုင်ရေးနဲ့ စစ်ရေးပြဘာသာရပ်တွေအပြင် စစ်နည်းဗျူ ဟာဘာသာရပ်မှာ ပါဝင်တဲ့ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်၊ တပ်စိတ်အလိုက် လေ့ ကျင့်ချီတက်ခြင်း၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေးစတာတွေကို သင် ကြားလေ့ကျင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နဲ့ အထွေထွေဘာသာရပ်တွေကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ စစ်‌ ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တစ်ဘက်မှာလည်း စစ်ကောင်စီကို စစ်ရေးအရရော နိုင်ငံရေးအရပါ အထိနာစေခဲ့တဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးဟာ အခုအခါမှာ ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်း နယ်စပ်တကြောမှာ ဒုတိယလှိုင်းအဖြစ် တကျော့ပြန်လာသလို လချီရှုံးပွဲဆက်နေတဲ့ ရခိုင်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အလားတူ ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီဒေသက မြို့နယ်တချို့တွေမှာလည်း ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေကို ရပ်တန့်နိုင်ဖို့ အသစ်ဝင်လာတဲ့ သူတွေကို ရှေ့တန်းပို့ဖို့ အစီအစဉ်နဲ့ လုပ်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက နေရာတိုင်းမှာ အင်အားတွေ အရမ်းချိနဲ့နေတယ်။ ကျွန်တော်တို့ တော်လှန် ရေးဘက်က ထိုးစစ်ဆင်မှုတွေကို သူတို့ရပ်တန့်နိုင်ဖို့ သူတို့လိုတဲ့ အင်အားတွေထပ်ဖြည့်ဖို့ မလွဲမ သွေ အသစ်ဝင်လာတဲ့လူတွေကို မြန်မြန်ရှေ့တန်းပို့နိုင်ဖို့ သင်တန်းကတော့ မြန်မြန်ပြီးလို့ရှိရင် ရှေ့ တန်းမြန်မြန်ပို့ဖို့ အစီအစဉ်နဲ့ လုပ်နေကြတာ ကျွန်တော်တို့ ကြားနေရတာပေါ့”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ရှမ်းမြောက်မှာ ဆင်နွှဲခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး နိုင်ငံအနှံ့ထိုးစစ်တွေနဲ့ အင်အားယိုင်နဲ့လာနေတဲ့ စစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သလို အရန်တပ်ဖွဲ့ဥပဒေကိုလည်း ပြဌာန်းခဲ့တာပါ။

အဲဒီနောက်ပိုင်း မြို့နယ်ပေါင်း ၂၂၄ မြို့နယ်မှာ စစ်မှုထမ်းအကောင်အထည်ဖော်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီထဲက ၁၈၆ မြို့နယ်မှာတော့ စစ်မှုထမ်းစာရင်းကောက်ယူတာ၊ အကျုံးဝင်သူအဖြစ် စာရင်းသွင်းတာနဲ့ မဲနှိုက်ရွေးချယ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ BACS ရဲ့ အစီရင် ခံစာက ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့စစ် ပျူစောထီးအဖြစ် စုဆောင်းမှုလုပ်ခဲ့တဲ့ မြို့နယ်ပေါင်း ၄၀ ရှိခဲ့ပြီး စုဆောင်းခံရသူ ၂၁၀၀ ကျော်ထဲမှာ ရိုဟင်ဂျာ ၉၀၀ ကျော်ပါဝင်ကာ ရှေ့တန်းပို့ခံရတဲ့အတွက် တိုက်ပွဲအတွင်း သေဆုံးသူတွေလည်း ရှိခဲ့တာပါ။

စစ်ကောင်စီကတော့ တပ်သားအဖြစ် စုဆောင်းခံရသူတွေကို နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်ဖို့ မိမိဆန္ဒအလျောက် စာရင်းသွင်းခဲ့ကြသူတွေလို့ ဝါဒဖြန့်ပြောဆိုလေ့ရှိပါတယ်။

နိုင်နဂါးကတော့ စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခွင့်အခါရတာနဲ့ တပ်ကနေ ထွက်ပြေးပြီး လုံခြုံတဲ့နေရာတွေဆီ ပို့ပေးမယ်လို့ သတင်းစကားပါးပါတယ်။

“သင်တန်းဆင်းစ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခင်ဗျားတို့ စိတ်ဆန္ဒအလျောက် ပါလာတာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့နားလည်တယ်။ ဒါကြောင့်အခွင့်အခါရတာနဲ့ ခင်ဗျားတို့တပ်ကနေ ချက်ခြင်းထွက်ပြေးပါ။ ကျွန်တော်တို့ နွေးထွေးစွာ ခင်ဗျားတို့ကို ကြိုဆိုပါတယ်။ ခင်ဗျားတို့ လက်နက်နဲ့ ထွက်လာမယ်ဆိုရင် လက်နက်တန်ဖိုးနဲ့အညီ ဆုကြေးတွေ ချီးမြှင့်ပေးပ့ါမယ်။ သွားချင်တဲ့နေရာကို လုံခြုံစွာ ကျွန်တော်တို့ ပို့ပေးပါ့မယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေအရ သင်တန်းဆင်းတွေဟာ နှစ်နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပေမယ့် နိုင်ငံတော်အရေးပေါ် အခြေအနေမှာ ၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပြီး စစ်ကောင်စီက အရေးပေါ်ကာလအဖြစ် ၆ လ တစ်ကြိမ် သက်တမ်းတိုးနေတာ ဖြစ်ပါတယ်။

ဗမာ့ရေးရာနဲ့ပဋိပက္ခ လေ့လာစောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု သုံးနှစ်ကျော်လာတာနဲ့အတူ စစ်သားသစ်စုဆောင်းလို့ မရတာတွေ၊ တိုက်ပွဲတွေအ တွင်း စစ်အင်အားပြုန်းတီးမှုများစွာ ကြုံတွေ့လာရတာလို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.