မင်းတုန်း၊ ဇွန် ၂၉

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီ ဖောကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင် စီလက်အောက်ခံ တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက် မနက် ၈ နာရီခွဲအချိန်ခန့်မှာ မင်းတုန်းမြို့ကနေ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၂၅ ဦးပါတဲ့ ဖောကားကို မယ်ဇလီကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးနဲ့ စစ်ကောင်စီတပ်သား တစ်ဦး သေ ဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဗိုလ်အဆင့်ရှိသူတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ သရက်ဆေးရုံနဲ့ ကံမဆေးရုံတွေမှာ ဆေးဝါးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ ဖောကားတိုက်ခိုက်ခံရမှုအပြီး အရပ်ဝတ်နဲ့ ကင်းပုန်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကူလာတဲ့ တပ်ဖွဲ့ဝင်တွေ အချင်းချင်းပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အချင်းချင်းပစ်ခတ်မှုမှာလည်း သုံးဦးဝန်းကျင် ထိခိုက်သေဆုံးတာတွေရှိပြီး စစ်ကောင်စီ ဖောကားတိုက်ခိုက်မှုကိုတော့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းနဲ့ ကျောင်းသားလက် ရုံးတပ်တော် SAF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.