ကျောက်မဲ၊ ဇွန် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုရင်နဲ့သီလရှင်တွေအပါအဝင် အ ရပ်သား ၁၀ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် ဇွန် ၂၈ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုတွေကို ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ နယ်မြေ ၈ မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး သီလရှင်တစ်ပါးအပါအဝင် အမျိုးသမီးလေးဦးနဲ့ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥယျာဉ်ကျောင်းအတွင်းရှိ ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး လေးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါအပြင် လူးထရပ်ကွက်ရှိ အဘွားအိုတစ်ဦးနဲ့ ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့တဲ့အပြင် မိုးကုတ်မြို့ အောင်သုခရပ်ကွက်မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘုန်းကြီး ကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးခဲ့သလို ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ TNLA က ဆိုပါတယ်။

သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ စာရင်းတွေအရ ရှမ်းမြောက်ဒေသမှာ တကျော့ပြန်စတင်ခဲ့တဲ့ လေးရက်တာ တိုက်ပွဲအတွင်း ကိုရင်နဲ့သီလရှင်အပါအဝင် အရပ်သားပြည်သူ ၂၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၃၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကလည်း ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.