ကျိုက်ထို၊ ဇွန် ၂၉

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စံနိုင် လူမှုကူညီရေးအသင်းဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မိ သားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က ကော့စံနိုင်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်၊ ဦးမြအောင်နဲ့ သမီးဖြစ်သူ မချောစုရတနာတို့ကို နေအိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးထားတဲ့ လူမှုကူညီရေးအသင်းဝင်တွေကို စစ်ကြောရေးမှာ နှစ်ပတ်ကျော်အကြာ စစ်ဆေးမေးမြန်းပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေဖြစ်တဲ့ ၅၂(က)၊ ၅၀(ည)၊ ၅၄ တို့နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။

အဲဒီနောက် သူတို့တွေကို ဇွန် ၂၇ ရက်နေ့က ကျိုက်ထိုခရိုင်တရားရုံးမှာ စတင်ရုံးထုတ်ခဲ့ပြီး လာမယ့်ရုံးချိန်းကို ဇူလိုင် ၁၀ ရက်နေ့မှာ ချိန်းဆိုထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ထားရတဲ့ လူမှုကူညီရေးအသင်းဝင် တွေဟာ လက်ရှိအချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးသလို ဘယ်မှာဖမ်းဆီးထိန်း သိမ်းထားလဲဆိုတာ စစ်ကောင်စီဘက်က အသိပေးတာမရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ လူမှုကူညီရေးအသင်းဝင် လေးဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ စားနပ်ရိ က္ခာထောက်ပံ့ပို့ဆောင်တာ၊ စစ်ကောင်စီတပ် လှုပ်ရှားဆောင်ရွက်မှုတွေကို သတင်း ပေးတာ၊ လုပ်ကြံသတ်ဖြတ်မှုတွေမှာ အားပေးကူညီခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

စစ်ကောင်စီ စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်ခုနှစ်နှစ်၊ ပုဒ်မ ၅၀(ည) အရ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်၊ ပုဒ်မ ၅၄ အရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခံရနိုင်ပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အာဏာသိမ်းသုံးနှစ်ပြည့် အစီရင်ခံစာအရ မွန်ပြည်နယ်မှာ အရပ်သား ၉၀၀ ကျော် ဖမ်းဆီးခံထားရပြီး ၁၀၅ ဦး သတ်ဖြတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.