ကျိုက်ထို၊ ဇွန် ၂၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KNLA ပူးပေါင်းအဖွဲ့က ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအ ချိန်ခန့်မှာ ပိန္နဲကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း KNLA ရဲဘော်တစ်ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ ပဒိုစောအေးနိုင်က ဆိုပါတယ်။

တိုက်ပွဲပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ကိုင်ဆောင်တဲ့သေနတ် ၃ လက်ကိုလည်း စစ်ကောင်စီတပ်ဘက်က သိမ်းဆည်းရမိခဲ့ပြီး ဒေသခံနေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီနေ့ကစပြီး နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ KNU သထုံခရိုင်ထိန်းချုပ်ရာ ကျေးရွာတွေဖြစ်တဲ့ ကညင်အိုင်၊ ပိန္နဲကုန်း၊ ကမ်းနီနဲ့ အင်္ဂဘိုကျေးရွာတို့မှာ အင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ပိန္နဲကုန်း၊ ကမ်းနီ၊ ကညင်အိုင်၊ ခရွဲအ ပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာ နေရာတွေကို နေ ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU သထုံခရိုင်ထိန်းချုပ်ရာ ကျိုက်ထို၊ဘီလင်းနဲ့သထုံမြို့နယ်တို့မှာ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လကစပြီး စစ်ကြောင်းထိုးတာ၊ တပ်အင်အားဖြည့်တင်းတာ၊ လက်နက်ကြီး ဟောင်ဝှစ်ဇာတွေ တိုးမြှင့်တပ်ဆင်တာတွေ လုပ်ဆောင်နေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.