မော်လမြိုင် ၊ ဇွန် ၂၀
တပ်အင်အားပြုန်းတီးမှုကို ပြန်လည်ဖြည့်တင်းဖို့ စစ်ကောင်စီအသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ တပ်သားအဖြစ် စုဆောင်းခံရသူ ၆၀၀ ကျော်ရှိနေတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။
“စစ်ကောင်စီအတွက် ပြည်သူ့စစ်မဟာဗျူဟာနဲ့မွန်ပြည်သူအတွက် သောကသံသရာ”ဆိုတဲ့ NRFF ရဲ့ ပဏာမစစ်တမ်းလေ့လာတွေ့ရှိချက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁ အတွက် အယောက် ၂၀၀ ကျော် နဲ့ အပတ်စဉ် ၂ အတွက် အယောက် ၄၀၀ ထက်မနည်း စုဆောင်းခံခဲ့ရတာပါ။
စုဆောင်းခံရတဲ့ သင်တန်းသားတွေကို မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ဝဲကလိကျေးရွာအခြေစိုက် တကက – ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှာ တပ်သားအဖြစ် စစ်သင်တန်းတက်ရောက်စေခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနကနေ နည်းဥပဒေပြဌာန်းထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ မြေပြင်မှာ စစ်သင်တန်းအပတ်စဉ် နှစ်ခုအထိ လူသစ်စုဆောင်းပြီးတဲ့ အခြေအနေလို့ စစ်တမ်းက ထောက်ပြပါတယ်။
NRFF ရဲ့ သုတေသနအကြံပေး မင်းသိုက်က စစ်မှုထမ်းဥပဒေကြောင့် ငွေကြေးတတ်နိုင်သူတွေက ငွေကြေးနဲ့ဖြေရှင်းဖို့ ကြိုးစားကြတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စိတ် ကြိုက်စားဂွင်ရနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နည်းဥပဒေမထွက်လာသေးခင်မှာပဲ မြေပြင်မှာ တကယ်အကောင်အထည်ဖော်နေပြီ။ ဒါကို ငွေ ကြေးတတ်နိုင်တဲ့သူတွေကတော့ ငွေကြေးနဲ့ဖြေရှင်းဖို့ ကြိုးစားကြတယ်။ ဒါကိုအခွင့်ကောင်းယူပြီး စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်နဲ့ အရာရှိတွေက စိတ်ကြိုက်စားပေါက်စားဂွင်ရနေတာပေါ့ ။ တစ်ဘက်မှာ အခြေခံလူတန်းစားနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုက်ဆံပေးပြီး လူစားထိုးဖို့ ကြိုးစားတာတွေရှိတယ်။ ထူးခြားချက်အနေနဲ့ ဘီးလူးကျွန်း၊ မော်လမြိုင်၊ ပေါင်စတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအားကောင်းတဲ့ ဒေသတွေမှာ တပ်သားစုဆောင်းမှု ပိုပြီးခံရတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာလည်း စစ်မှုထမ်းဥပဒေနဲ့ အကျပ်ကိုင်ပြီး ပြည်သူတွေကို ပေါ်တာဆွဲတာတွေ၊ အဓမ္မစေခိုင်းတာတွေ၊ လူသားဒိုင်းလုပ်တာတွေ ပိုများလာတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းမှုသုံးနှစ်ကျော်လာတဲ့အခါ စစ်ရေးအရ အရေးနိမ့်လာနေတဲ့အတွက် ပြည်ပနိုင်ငံတွေနဲ့ စစ်မက်ဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ပြ ဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာပါ။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိဖြစ်ပြီး ပညာရှင်နဲ့ကျွမ်းကျင်သူတွေဖြစ်ရင်တော့ အမျိုးသား ၄၅ နှစ်အထိ၊ အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်ပါတယ်။
အဲဒီဥပဒေကို အကောင်အထည်ဖော်ဖို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို နိုင်ငံတော် ဗဟိုအဆင့်ကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ထိ ဖွဲ့စည်းခဲ့ပြီး အဲဒီကနေတဆင့် ခရိုင်နဲ့ မြို့နယ်အ လိုက် အဆင့်ဆင့်ဖွဲ့ စည်းခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မွန်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေ ပေါ်တာဆွဲတာတွေနဲ့ ပြည်ပထွက်ခွာခွင့် ကန့်သတ်ထိန်းချုပ်တာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
စစ်တမ်းအရ မွန်ပြည်နယ်က ကျေးလက်ဒေသတွေထက် မြို့ပြဒေသတွေမှာ စစ်မှုထမ်းဖို့ အချိုး ကျ လူစာရင်းကောက်ခဲ့သလို ပေါ်တာဆွဲတာတွေ ငွေကြေးတောင်းခံနေတာတွေ ရှိတယ်လို့ စစ် တမ်းဖြေဆိုသူတွေက ဆိုကြပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက သူတို့တပ်ဖွဲ့လှုပ်ရှားတဲ့ ရေးမြို့နယ်ရှိ တချို့ရပ်ကွက် ကျေးရွာတွေမှာ ငွေကြေးကောက်ပြီး စစ်မှုထမ်းအရေအတွက်ရဖို့ ပိုက်ဆံပေးဌားနေတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရေးမြို့နယ်ဘက်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက တခြားဒေသတွေလို အတင်းအကျပ်လိုက် လံစာရင်း ကောက်တာမရှိပေမယ့် တချို့ရပ်ကွက်ကျေးရွာတွေမှာ ပိုက်ဆံကောက်ပြီးတော့ စစ်မှုမထမ်းမနေရ သူတို့တောင်းဆိုတဲ့ အရေအတွက်ကို ပိုက်ဆံပေးငှားနေတယ်ဆိုတာ ကျွန်တော်တို့ ကြားရတယ်။ ဥပမာ ဇီးဖြူသောင်၊ အစင်ဘက်လို နေရာမျိုးတွေပေါ့။ နောက်ပြီး ရေးမြို့နယ်တချို့သော ရပ်ကွက်တွေပေါ့”လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေနဲ့ ဆင့်ခေါ်ခံရတဲ့ လူငယ်တွေကို ငွေကြေးထောက်ပံ့ရေးအ ကြောင်းပြချက်နဲ့ တစ်ရွာဒါမှမဟုတ် တစ်ရပ်ကွက် ကျပ်ငွေ ၁၀ သိန်းကနေ သိန်း ၃၀ အထိ လစဉ် ထောက်ပံ့ကြေး ကောက်ခံမှုတွေလည်း ရှိနေတာပါ။
တစ်ဘက်မှာ စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီး လက်မှတ်တစ်စောင် ကျင်ငွေငါးသိန်းထက်မ နည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပေးဆောင်နေရတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် – NRFF ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။
စစ်တမ်းတွေ့ရှိချက်အရ စစ်ကောင်စီဖော်ဆောင်နေတဲ့ စစ်မှုထမ်းဥပဒေကို မွန်ဒေသခံအများစုက လက်မခံလိုကြဘဲ အဲဒီဥပဒေကို ရှောင်လွှဲလို့ရတဲ့ အခြေအနေမှာ နိုင်ငံခြားကို တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ အလုပ်ထွက်လုပ်ကြဖို့သာ ဆန္ဒရှိကြတာပါ။
ဒါပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲလို့ မရတဲ့အခြေအနေမှာတော့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ဝင်ရောက်ပြီး စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြမယ်လို့ စစ်တမ်းဖြေဆိုသူ အများစုက ဖြေကြားထားပါတယ်။
NRFF ရဲ့ သုတေသနအကြံပေး မင်းသိုက်က “ဆိုလိုတာက နိုင်ငံခြားထွက်ဖို့ အခွင့်အရေးရရင် ထွက်မယ်၊ မရတော့မှ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေထံ ရောက်ကြတာတွေ ဒီစစ်တမ်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံတာ ဆန္ဒအလျှောက် ဝင်ရောက်စစ်မှုထမ်းမယ့် သူကတော့ စစ်တမ်းအရ ၅ ရာခိုင်နှုန်းအထက်မပိုပါဘူး။ ဒါဟာ စစ်ကောင်စီ ဝါဒဖြန့်နေတဲ့ အပြောအဆိုတွေက မြေပြင်အချက်အလက်နဲ့ ကိုက်ညီမှုမရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်”လို့ ထောက်ပြပါတယ်။
စစ်ကောင်စီကတော့ စစ်မှုထမ်းဥပဒေအရ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ စစ်မှုထမ်းဖို့ ငြင်းဆန်ရင်တော့ ထောင်ဒဏ်သုံးနှစ်ကနေ ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို အားပေးကူညီသူတွေကိုလည်း ထောင်ဒဏ်တစ်နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့အထိ ဥပဒေကို အသက်သွင်းခဲ့တာပါ။
ဒါကြောင့် ပြည်သူ့စစ်မဟာဗျူဟာအရ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ မွန်ပြည်နယ်ရှိ လူငယ်တွေအတွက်သာမက မှီခိုနေတဲ့ မိသားစုဝင်တွေအတွက်ပါ စိုးရိမ်ပူပန်မှုနဲ့ အခက်ခဲမျိုးစုံဖြစ်စေတယ်လို့ စစ်တမ်းက ထောက်ပြထားပါတယ်။
စစ်တမ်းကိုတော့ မွန်ပြည်နယ်ရှိ ၁၀ မြို့ နယ်အလိုက် စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အသက်အုပ် စုအလိုက် ကောက်ယူရာမှာ မြေပြင်ကလူတွေ့ ဖြေဆိုသူ ၁၆၇ ဦးနဲ့ အွန်လိုင်းကတဆင့် ဖြေဆိုသူ ၉၇ ဦး စုစုပေါင်း ၂၆၀ ကျော်ကို မေးမြန်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NRFF