မော်လမြိုင် ၊ ဇွန် ၂၀

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စားသုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်လာတဲ့အတွက် ဝယ်ယူစားသောက်ဖို့ပင် အခက်ကြုံနေရတယ်လို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စားသုံးဆီတွေဟာ နိုင်ငံခြားငွေကြေးတန်ဖိုး မြင့်တက်လာပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာတာ၊ စစ်ကောင်စီဘက်က ဒေါ်လာထုတ်မရောင်းပေးနေတာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် စံချိန်တင်ဈေးနှုန်း ထိုးတက်လာခဲ့တာပါ။

စားသုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်လာတဲ့အတွက် ပြည်နယ်အတွင်း အများဆုံးအသုံးပြုနေတဲ့ ယိုးဒယား ပုဇွန်နှစ်ကောင် ၁၀ ပိဿာ တစ်ပုံးကို ကျပ် တစ်သိန်းနှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါ တယ်။

ဒါ့အပြင် တစ်ပိဿာ ၂၀ ကျပ်သား ဆီဗူးတစ်လျှင် ကျပ် ၁၄၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာသလို ၆၀ ကျပ်သား ဆီတစ်ထုပ်လျှင် ကျပ် ၉၀၀၀ နီးပါးအထိ ဈေးနှုန်းကြီးမြင့်လာတာပါ။

“တော်တော်တော့တက်တယ် ဆီတွေကတော့လေ။ ဟိုအခါတိုင်း ဝယ်စားတာထက်ကို ထက်ဝက်လောက်တော့ တက်တယ်လေ။ ပုဇွန်နှစ်ကောင်တို့ ဘာတို့ အဲဒါတွေပဲ အားပြုရတာလေ။ စားသုံးဆီဈေးတက်တဲ့အခါကျတော့လည်း ဘယ်လိုလုပ်မလဲ။ ဒီလိုမျိုးပဲ ချွေတာပြီးတော့ သုံးရတာပေါ့။ ချွေတာပြီးသုံးရတော့ အခါတိုင်းလိုမျိုး ထည့်မယ့်နေရာမှာ နည်းနည်းလျော့ထည့်ပေါ့”လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စားသုံးဆီတွေဟာ နေအိမ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန် ဖြစ်တာကြောင့် အခုလိုဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့အတွက် ဝယ်ယူစားသောက်ဖို့ကအစ ပိုမိုကျပ် တည်းလာတယ်လို့ သူကဆက်ပြောပါတယ်။

အိမ်ရှင်မတစ်ဦးကလည်း စားသုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် မိသားစုစားဝတ်နေရေးအတွက် မနည်းဖြေရှင်းနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဈေးတစ်ရက်သွားလိုက်တာ ပိုက်ဆံနှစ်သိန်းကျော် ကုန်တယ်ဆိုတော့ အံ့ဩသွားတယ်။ ဘယ်ဈေးတွေ ဘာတွေ၊ ဘယ်လိုဖြစ်နေလို့လဲပြောတော့ ဆီတစ်ပုံးကို တစ်သိန်းနှစ်သောင်းတဲ့။ လွန်ခဲ့တဲ့ ၅ ရက် ၆ ရက်ကနော်၊ ခက်ခဲတာတော့ အကုန်လုံးနီးပါး ခက်ခဲကြတယ်။ လက်လုပ်လက်စား က လေးတွေက တစ်လမှကျပ်နှစ်သိန်း လေးသောင်း၊ အများဆုံးဝင်ရင် ကျပ်သုံးသိန်း။ ဆီဖိုးနဲ့ဆန်ဖိုးနဲ့ ဘယ်လိုလုပ်များ စားကြလဲမသိဘူး”လို့ ဆိုပါ တယ်။

တဖက်မှာတော့ စစ်ကောင်စီ လက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာနက စားသုံးဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာလျှင် ကျပ် ၅၃၆၅ လို့ သတ်မှတ်ထားပေမယ့် ဈေးကွက်အတွင်း ဝယ်ယူလို့မရဘူး လို့ အိမ်ရှင်မတွေက ပြောပါတယ်။

ဒါ့အပြင် စားသုံးသူရေးရာဦးစီးဌာနက စားသုံးဆီ ရည်ညွှန်းဈေးနှုန်းကို ဈေးကစားရန် ရည်ရွယ် ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ပါက အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

စစ်ခေါင်းဆောင်ကတော့ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ဟာ နှစ်စဉ်ပြည်ပမှ အမေရိကန် ဒေါ် လာသန်း ၆၀၀ ကျော် တင်သွင်းနေရတဲ့အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ စားသုံးဆီတွေကို ပြည်ပနိုင်ငံတွေထံ တင်ပို့နိုင်တဲ့ ပို့ကုန်အဆင့်ထိ ရောက်အောင် ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့နှစ် ဩ ဂုတ်လအတွင်းက ပြုလုပ်တဲ့ နိုင်ငံတော်စီးပွားရေးရာကော်မတီ အစည်းအဝေးမှာ ကြွေးကြော်ခဲ့တာပါ။

အခုလို ကြွေကြော်ထားပေမယ့် လက်တွေ့မှာတော့ အာဏာသိမ်းကာလအတွင်း စားသုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ပြည်သူတွေဟာ စားသောက်ဖို့အတွက်ကိုတောင် မ နည်းရုန်းကန်နေရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

မွန်ပြည်နယ်မှာတော့ စားသုံးဆီတွေကို ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကနေ အဓိကမှာယူသုံးစွဲနေရတာဖြစ်ပြီး ပြည်တွင်းကထွက်ရှိတဲ့ စားသုံးဆီတချို့ကိုတော့ အနည်းငယ်လောက်သာ သုံးစွဲမှုရှိတယ်လို့ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.