“ကျောင်းမှာ သင်ခွင့်မရတဲ့ ကျေးရွာတွေမှာဆိုရင် ရွာအပြင် စစ်ရှောင်စခန်းမှာ မိုးကာတဲနဲ့တဲထိုးပြီး သင်ကြားနေရတဲ့ အဆင့်ဖြစ်တယ်။ ပြည်သူတို့ရဲ့ နေအိမ်မှာအကန့်တွေ ခွဲပြီး သင်ကြားနေတာ ရှိပါတယ်”

– ဦးဘယ်ညာမီးနို (ဒုဌာနမှူး၊ IEC ပညာရေးဌာန)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်အရေအတွက်တိုးလာတဲ့ ကရင်နီပြည်နယ်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လက်အောက်မှာ ပညာရေးဌာနကို ဖွင့်လှစ်ပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ကြားမှုတွေကို ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။ လက်ရှိ မိုးရာသီကာလမှာ IEC ရဲ့ လက်အောက်က စာသင်ကျောင်းတွေမှာ ဘယ်လိုအခက်အခဲတွေရဲ့ ရင်ဆိုင်နေရပါသလဲ။

စာသင်ကျောင်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုလည်း ဘယ်လိုရယူနေပါသလဲဆိုတာ IEC ပညာရေးဌာန ၊ ဒုဌာနမှူး ဦးဘယ်ညာမီးနိုနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။

ကရင်နီက ပညာရေးနဲ့ပတ်သက်ပြီး IEC ပညာရေးဌာန ၊ ဒုဌာနမှူး ဦးဘယ်ညာမီးနိုနဲ့ မေးမြန်းချက်

မေး – လက်ရှိ ကရင်နီပြည်နယ်အတွင်း IEC ကနေ ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းပေါင်း ဘယ်လောက်အထိ ဖွင့်လှစ်ထားပြီလဲ။ကျောင်းသား/သူတွေရဲ့ တက်ရောက်မှုက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ – ကျွန်တော်တို့ လက်ရှိ ကရင်နီပြည်နယ် IEC ပညာရေးဌာနကနေ ဖွင့်ထားတဲ့ ကျောင်းပေါင်း လေးရာငါးဆယ့်ခြောက် ကျောင်းလောက် ရှိပါပြီ။ ကျောင်းသား၊ ကျောင်းသူပေါင်းကတော့ လေးသောင်းခြောက်ထောင့်လေးရာ ခုနှစ်ဆယ့်ငါးဦးအထိ ရှိနေပါပြီ။ သင်ကြားရေး ဆရာ၊ဆရာမတွေကတော့ သုံးထောင့်ငါးရာလေးဆယ့်သုံးဦး ရှိနေပါပြီ။

မေး – ဒီထဲမှာ ဆရာ၊ဆရာမ အရေအတွက်၊ သင်ကြားရေးပိုင်းက စွမ်းရည်မြှင့်တင်ရေးနဲ့ ထောက်ပံ့ကြေးတွေမှာ ဘယ်လိုမျိုး လိုအပ်ချက်ရှိနေမလဲ။

ဖြေ – ဒီသင်ကြားရေးမှာ ၀င်နေတဲ့ ဆရာ၊ဆရာမ အားလုံးထဲမှာ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတွေ အများကြီး ပါပါတယ်။ ဒါကြောင့်မို့ သင်ကြားရေး စွမ်းအင် မြှင့်တင်မှုအတွက် အခြေခံ မူလတန်း၊ အခြေခံ အလယ်တန်း ဘာသာရပ်မှူးက သင်တန်းတွေ လုပ်ထားတာရှိပါတယ်။

နောက် အခုလောလောလတ်လတ် ဆယ့်နှစ်တန်း သင်ရိုးဘာသာရပ် ကျွမ်းကျင်မှု သင်တန်းကို ကျွန်တော်တို့ ဖွင့်ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ မြေပြင်မှာကျတော့ သင်ကြားရေးနဲ့ သင်ထောက်ကူ ပစ္စည်းတွေ အင်မတန်လိုပါတယ်။ ရှိတဲ့ အခြေအနေ ရှိတဲ့ဟာလေးနဲ့ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားဖို့ရှိပါတယ်။ ထောက်ပံ့ကြေး အနေနဲ့ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က ကျောင်းပေါင်းစုံ သုံးရာခြောက်ဆယ့်တစ်ကျောင်း ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ဆရာ၊ဆရာမ နှစ်ထောင့် ရှစ်ရာ လေးဆယ့်နှစ်ဦးကို ငါးလ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဒီနှစ်ကတော့ လူဦးရေ ပိုများလာခဲ့တယ်။ ကျောင်းပေါင်းကလည်း ပိုများမယ်။ လူတွေ ပိုများလာတဲ့အခါကျ သင်ကြားရေး ဆရာ၊ဆရာမတွေ ထောက်ပံ့ကြေး ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အလှူရှင်များကို ပူးပေါင်းစည်းရုံးပြီး အလှူမထပ်အောင် ပရောဂျက် မထပ်အောင် လုံး၀မရသေးတဲ့ ကျောင်းတွေထောက်ပံ့ကြေးပေးနိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ကနေ ၂၂ အထိ ဆောင်ရွက်ပေးခဲ့ပြီးပါပြီ။

မေး – နောက် သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေ အဆောက်အအုံတွေကရော ဘယ်လိုမျိုး လိုအပ်ချက်တွေ ရှိနေမလဲ။

ဖြေ – သင်ကြားရေး အထောက်အကူပစ္စည်းကတော့ တော်တော်လေး လိုအပ်ချက်ရှိပါတယ်။ အထူးသဖြင့် သိပ္ပံလက်တွေ့ လုပ်ဆောင်တဲ့အခါမှာ ဓာတ်ဆားရည်တွေ ဓာတ်ပစ္စည်းတွေ မရှိပါဘူး။ မူလတန်း၊အလယ်တန်းမှာလည်း သင်ထောက်ကူ ပစ္စည်းတွေ အလုံမလောက်မရှိတာ အမှန်ပါပဲ။ တခြားဒေသမှာလည်း ဒီလိုပဲနေမှာပါ။

ကရင်နီပြည်နယ် တစ်ခုတည်းမှာပဲ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ သို့သော် ရှိတဲ့ အခြေအနေနဲ့ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဆောက်အဦ လိုအပ်ချက်ကတော့ တစ်ပြည်နယ်လုံးပါပဲ။ အထူးသဖြင့် ကျောင်းမှာ သင်ခွင့်မရတဲ့ ကျေးရွာတွေမှာဆိုရင် ရွာအပြင် စစ်ရှောင်စခန်းမှာ မိုးကာတဲနဲ့တဲထိုးပြီး သင်ကြားနေရတဲ့ အဆင့်ဖြစ်တယ်။ သိပ်ဆိုးဆိုးဝါးဝါးမဖြစ်တဲ့ စာသင်ကျောင်းများမှာ မသင်ဘဲနဲ့ ပြည်သူတို့ရဲ့ နေအိမ်မှာအကန့်တွေ ခွဲပြီး သင်ကြားနေတာ ရှိပါတယ်။

တချို့ ရွာမှာ မနေနိုင်တဲ့သူတွေကတော့ စစ်ရှောင်စခန်းက တောထဲမှာ ရွက်ဖျင်တဲထိုးပြီး စာသင်ကြားနေပါတယ်။ လိုအပ်ချက်တွေကိုတော့ ကျွန်တော်တို့ IEC က အမိုးအကာ ရွက်ဖျင်တဲတွေ မိုးကာလောက်ပဲ ပေးနိုင်ပါတယ်။ သို့သော် အခု လောလောဆယ် အလုံအလောက် အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်းတော့ မရှိပါဘူး။

သို့သော်လည်း ကျွန်တော်တို့ ဆက်လက်ကြိုးစားနေပါတယ်။ လိုအပ်ရင် အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

မေး – အဆင့်မြင့်ပညာရေး ကောလိပ်တို့ သက်မွေးဝမ်းကျောင်းတွေမှာရော IEC အနေနဲ့ ဖွင့်လှစ်ထားတာ ရှိနေလား၊ ဒါမှမဟုတ် လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ INGO တွေကနေ ပုဂ္ဂလိကသဘောမျိုး ဖွင့်လှစ်ထားတာမျိုး ရှိနေလား။

ဖြေ – အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီး အခုလက်ရှိမှာ သိပ္ပံ၊ဝိဇ္ဇာ‌ တက္ကသိုလ်တွေ ဖွင့်လှစ်နေပါပြီ။ ကရင်နီပြည်နယ်မှာရှိတဲ့ ပညာရေး ဒီဂရီ ကောလိပ်ကျောင်းတစ်ကျောင်းလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အဲဒီမှာ ကျွန်တော်တို့ IEC နဲ့ ပတ်သက်တဲ့ အသက်မွေးပညာရပ်ကတော့ ကျွန်တော်တို့ အော်တိုနစ်တစ်ကျောင်းမှာပဲ ဖွင့်ပါတယ်။ ဆိုတာက သူရဲ့ အလှူရှင်နဲ့ ကိုယ်ထူကိုယ်ထ ဖွင့်ထားတာ ဖြစ်ပါတယ်။ ကရင်နီ ပြည်သူပြည်သားအတွက် အကျိုးရှိတဲ့ကျောင်းဖြစ်ပါတယ်။

သို့သော် ကျွန်တော်တို့က အပြည့်အဝ မပံ့ပိုးပေးနိုင်ပါဘူး။ အခုလောလောဆယ် သူတို့အလှူရှင်နဲ့ သူတို့ဆောင်ရွက်နေပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ ပတ်သက်ရင် ကိုယ်ထူကိုယ်ထ ကျောင်းတွေကပဲ ဆောင်ရွက်နေပါတယ်။

  • သံလွင်တိုင်းမ်
    ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.