FILE PHOTO: Myanmar's Army Chief Min Aung Hlaing cast his ballot during the general election at a polling station in Naypyitaw, Myanmar, November 8, 2020.?REUTERS/REUTERS/Thar Byaw/File Photo

မော်လမြိုင်၊ ဇွန် ၁၈

နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကြောင့် နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်အုပ်စုဦးဆောင်သူ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ ထုတ်ဖော်ပြောဆိုလာတာပါ။

မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် အခုအခါမှာတော့ ကျင်းပမယ့်ခုနှစ်ကို ဖွင့်ဟလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ပြုလုပ်တဲ့ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင် ရာ ဝန်ထမ်းတွေအပြင် မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကို ဘယ်လ၊ ဘယ်နှစ်ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုခဲ့တာမရှိပါဘူး။

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက် သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လာမယ့် အောက်တိုဘာလအတွင်း ကောက်ယူနိုင်အောင် လုပ်ဆောင်နေသလို နိုင်ငံရေးအကြောင်းပြပြီး မိမိတို့ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို မလုပ်ဆောင်ပါက တိုးတက်မှု နောက်ကျနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ နောက်ထပ် အရေးပေါ်ကာလ ခြောက်လသက်တမ်းတိုးဖို့ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ အ ကြောင်းပြတာဖြစ်ကြောင်း သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒါကတော့ မဆန်းတော့ဘူးထင်တယ်။ သူအာဏာသိမ်းပြီးကတည်းက ၆ လအကြာမှာ ရွေး ကောက်ပွဲ လုပ်မယ်ဆိုပြီးတော့ သူသက်တမ်းတောက်လျှောက် တိုးလာတာဆိုတော့ အခုလည်းဇူလိုင်ကုန်ရင် သူ့သက်တမ်းက ကုန်တော့မှာဆိုတော့ အဲဒါကိုပဲ အကြောင်းပြတယ်လို့ ကျွန်တော်ယူဆပါတယ်ခင်ဗျ။ ရွေးကောက်ပွဲက မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် တစ်ခုပဲ။ ရွေးကောက်ပွဲက ပြည်သူလူထု ပါဝင်မှုအားကောင်းတယ်။ နောက်တရားမျှတတယ်။ ပွင့်လင်းမြင်သာမှုရှိတယ်။ ပြီးတော့ နိုင်ငံတကာကလည်း အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့တော့ အာမခံလို့တော့မရဘူးပေါ့”လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူဖို့ ကြိုးပမ်းချိန်ကစပြီး လက်ရှိအချိန်အထိ နိုင်ငံတဝန်းရှိ ဒီမိုကရေစီရေးတက်ကြွသူတွေနဲ့ ဒီမိုကရေစီရေးလိုလားသူ ပြည်သူတွေအပါ အဝင် တိုင်ရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ နည်းလမ်းမျိုးစုံနဲ့ ခုခံတော်လှန်မှုတွေကို ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၅၀၀ ထက်မနည်းရှိလာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့အတူ စစ်ကောင်စီရဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်တိုက်ဖျက်နေကြတာပါ။

စစ်ကောင်စီအနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ အစချီကာ လက်ရှိအချိန်ထိ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မြို့ ပေါင်း ၆၀ နီးပါးအထိ ဆုံးရှုံးခဲ့ရပြီး တပ်စခန်းပေါင်း ထောင်နဲ့ချီလက်လွှတ်ပေးထားရပါတယ်။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကို သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်သဖွယ် သတ်မှတ်ထားသလို မြို့အများစုကို တောင်လှန်ရေးအင်အားစုတွေက စိုးမိုးထားတာကြောင့် ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ အရူးအိပ်မက်မက်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ဒါက သူအာဏာစသိမ်းကတည်းကိုက သူ့ရဲ့နိုင်ငံရေးထွက်ပေါက်သဖွယ် ယူဆထားတာ။ သူ့အ တွက်က အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလတိုင်းမှာ တပ်ကိုစိတ်ဓာတ်တင်ဖို့အတွက် သူက ရွေးကောက်ပွဲ ကျင်းပမယ်လို့လုပ်တာ။ ဒါပေမယ့် ဒီနေ့ပြည်တွင်းမှာရှိတဲ့ မြို့ပေါင်း ၆၀ လောက်က တော်လှန်ရေးအင်အားစုတွေရဲ့ လက်အောက်ကို ကျရောက်နေတဲ့ အချိန်ဖြစ်ပါတယ်။ တစ်ပြည်လုံးမှာရှိနေတဲ့ ဒီနယ်မြေရဲ့ ၇၀ ရာခိုင်နှုန်း လောက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေရဲ့ စိုးမိုးမှုအောက်မှာရှိနေတဲ့ အနေအထား။ သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ထောင်ချီပြီးတော့ အသတ်ခံနေရတဲ့ အနေအထားမှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အရူးအိပ်မက် မက်နေတာပါဗျာ”လို့ ဆိုပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ လအတွင်း ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု ၇၁ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံသားစိစစ်ရေးကဒ်တွေ ကွင်းဆင်းလုပ်ဆောင်ပေးတဲ့ ပန်းခင်းစီမံချက်လှုပ်ရှားမှုကို ၃၂ ကြိမ်ထိ အများဆုံးပြုလုပ်ခဲ့တာပါ။

တစ်ဘက်မှာတော့ နိုင်ငံရေးပါတီတွေရဲ့ မှတ်ပုံတင်လျှောက်ထားခွင့်ကို စစ်ကောင်စီခန့် ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်က ပါတီပေါင်း ၄၉ ပါတီအထိ မှတ်ပုံတင်ခွင့်ပေးခဲ့ပေမယ့် နာမည်ရ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့ကိုတော့ အခုထက်ထိ မှတ်ပုံတင် ခွင့်မပြုပေးခဲ့ပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် အဖက်ဖက်မှ ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲကို စိတ်ဝင်စားမှု မရှိနိုင်သလို အယုံအကြည်ရှိမှာ မဟုတ်ဘူးလို့ ထောက်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီကို တော်လှန်ရေတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအ မှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ အတိအလင်းကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.