ဖာဆာနို၊ ဇွန် ၁၄

ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေကို ပြန်လည်တိုက်ထုတ်ရေး သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲက ကန်ဒေါ်လာ ဘီလီယံ ၅၀ ကို ယူကရိန်းအတွက် ထုတ်ချေးရေး ဂျီ-၇ အဖွဲ့က သဘောတူညီလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ မိမိတို့ နောက်ဆုတ်မသွားဘူးဆိုတာ ရုရှားကို နောက်ထပ်တစ်ကြိမ် ပြသလိုက်တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားပေမယ့် မော်စကိုအစိုးရကတော့က အရမ်းနာကျင်ရမယ့် လက်စားချေမှုတွေ ပြုလုပ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အဲဒီချေးငွေဟာ ယူကရိန်း လက်ထဲကို အခုနှစ်မကုန်ခင်အထိ ရောက်ရှိဦးမှာ မဟုတ်ပေမယ့် အဲဒီငွေပမာဏဟာ ယူကရိန်းစစ်ပွဲနဲ့ စီးပွားရေးအတွက် ရေရှည်ဖြေရှင်းချက်တစ်ခုအဖြစ် ရှုမြင်ခံထားရပါတယ်။

အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ ဂျီ-၇ အစည်းအဝေးမှာပဲ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ဟာ အမေရိကန်-ယူကရိန်း တို့ကြား ၁၀ နှစ်ကြာ လုံခြုံရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီမှုအရ အမေရိကန်က ယူကရိန်းကို စစ်ရေးနဲ့လေ့ကျင့်ရေး အကူအညီပေးမှာ ဖြစ်ပေမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခွင့် မပြုထားပါဘူး။

၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှားက အပြည့်အဝကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက် ဥရောပသမဂ္ဂ (အီးယူ) နဲ့ အတူ ဂျီ-၇ အဖွဲ့က ဒေါ်လာ ၃၂၅ ဘီလီယံ တန်ဖိုးရှိ ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူထားခဲ့ပါတယ်။

အဲဒီပိုင်ဆိုင်မှုတွေရဲ့ တစ်နှစ် အတိုးရငွေဟာ ဒေါ်လာ ၃ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

ဂျီ-၇ အဖွဲ့ရဲ့ အစီအစဉ်အရ ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံ ၅၀ ချေးရာမှာ တစ်နှစ်တာ ရရှိတဲ့ အတိုး ၃ ဘီလီယံစီကို နိုင်ငံတကာ ဈေးကွက်တွေက ထုတ်ယူပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပါဝင်တဲ့ ဂျီ-၇ အဖွဲ့ဟာ ယူကရိန်းအတွက် ဘဏ္ဍာရေးနဲ့ စစ်ရေး အကူအညီပေးနေတဲ့ အဓိကအဖွဲ့ ဖြစ်ပါတယ်။

ဒီချေးငွေက စစ်ပွဲအခြေအနေကို ပြောင်းလဲသွားစေနိုင်တယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ရစ်ချီ ဆွန်နက်က ပြောကြားထားပြီး အခြား ဂျီ-၇ အဖွဲ့ ခေါင်းဆောင်တွေကလည်း ကြိုဆိုခဲ့ကြပါတယ်။

ဒီငွေကိုရရှိရေး ယူကရိန်းကနေ တွန်းအားပေးနေသူတွေထဲက အချို့က အတိုးလောက်ကို မဟုတ်ဘဲ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်လုံးကို ရရှိဖို့ လိုလားနေကြပေမယ့် ဥရောပဗဟိုဘဏ်က ပယ်ချခဲ့ပါတယ်။

လောလောဆယ်မှာတော့ ရုရှားရဲ့ ဒုံးကျည်တွေကို တားဆီးရေး လေကြောင်းကာကွယ်ရေး စနစ်တွေအပါအဝင် လက်နက်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ယူကရိန်းက ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.